Thursday, November 22, 2007

The Worriers Of The World (1)

ပုစွန်ဆီရောင်သန်းနေသော ညနေကိုကြည့်ရင်း ပုစွန်စားချင်စိတ်ပေါက်လာသဖြင့် ဒီနေ့ ပုစွန်ချက်ရန် စိတ်ကူးလိုက်သည်။ မိုးအောက်မြေပြင် ယှဉ်ပြိုင်ဘက်မရှိသော သိုင်းသမားကြီး၏ လျှင်မြန်မှူမျိုးနှင့် ပုစွန်ကို အမြှီးနှုတ် ခေါင်းဖြုတ်ပစ်နေစဉ် လိင်ကင်ပန်းခြံအဖွဲ့၏ သီချင်းကို ဖွင့်ထားလိုက်သည်။ ထို့အတွက် သူ၏လက်များက လွန်စွာလျှင်မြန်သွက်လက်ကာ အလုပ်ကောင်းကောင်းဖြစ်လျှက်ရှိလေသည်။ သို့သော် မကြာမှီမှာပင် သူတစ်ခု သတိထားမိသွားသည်။ လားလား ... ပုစွန်များ၏ နှုတ်ခမ်းမွှေးမှာ လွန်စွာ လှပနေပါ့လား။ မင်းသားကြီး ဂယ်ရီဂယ်ရီပတ်လိုလို ၀င်းဦးလိုလို .... သူဆက်ပြီး မနှုတ်ရက်တော့ ။ အတွင်းအားကို အဆင့်(၂) အထိလျှော့ချကာ လမ်းကြောင်းပြောင်းလိုက်သည်။ ဆယ်ရီဘဲလမ် ဟုခေါ်သော အနုစိတ်လှုပ်ရှားမူများထိန်းချုပ်ရာ အာရုံကြောကွန်ယက်စခန်းသို့ အားဖြည့်လိုက်ပြီး ကိုယ်လုံးတီးပုစွန်ကို နှုတ်ခမ်းမွှေးနှင့် တွဲဖက်ပြီးကျန်နေစေရန် ကြိုးပမ်းလုပ်ဆောင်လိုက်လေသည်။ နောက်ဆုံးတော့ အောင်မြင်စွာပြီးဆုံးသွားသည်။ ဒီကောင်တွေကို မီးငွေ့ငွေ့လေးပေးပြီး ချက်ရမှာဆိုတော့ မီးကို ထိန်းချုပ်ဖို့လိုလာပြန်ပြီ။ ဘယ်လိုလုပ်ရင်ကောင်းမလဲ .... ချာကရာခေါ် အတွင်းအားကို လက်မှာစု .... လိုချင်တဲ့နေရာကို တိုက်ရိုက်ကျအောင် ပို့ ... ဘာသိုင်းကွက်သုံးရင်ကောင်းမလဲ .... သြော်.... ရှင်းရှင်းလေးရယ် “တစ်ပင်တိုင်လက်သရမ်း” သိုင်းကွက်ပေါ့။ ဒီအကွက်က လက်အားကို အသုံးချတဲ့နေရာမှာ တော်တော်လေးစွမ်းတယ်။ အိုးဖင်ကို တစ်ပင်တိုင်လက်သရမ်းနဲ့ ပင့်ပေးထားတုန်းမှာ ကျန်ရှိနေသေးတဲ့ ခြေထောက်နှစ်ချောင်းကို အညီအမျှခွဲ ... ကီထိုင် ... ပြီးရင် ချာလပတ်ဒူဝေေ၀ သိုင်းကွက်နဲ့ မွေ့ပေးနေရမယ်။ သူစတင်ပြီး ချက်ပါပြီ။ ချက်သည်။ ချက်သည်။ အနှီလူကို မည်သူဟုပရိတ်သတ်ကြီးထင်ပါသနည်း... သူကား ဂျပန်ပြည် နင်ဂျာကျေးရွာမှ သူကြီး နာရူတို ဖြစ်လေသည်။သူကြီးနာရူတို ကောင်းကောင်းဟင်းချက်နေစဉ် ရုတ်တရက်သူ့ရှေ့သို့ လူငယ်တစ်ယောက်ဘွားကနဲပေါ်လာသည်။ စုတ်ချွန်းချွန်းနဲ့ ရေးကြီးခွင်ကျယ်သိပ်လုပ်မဲ့ရုပ်မျိုး ... ဒီကောင်တော်တော်စွမ်းပါ့လား ... မြန်လိုက်တာရောက်လာပုံက၊ ငါလုံးဝသတိမထားမိလိုက်ဘူး ...... နာရူတို့စိတ်ထဲမှာ တွေးနေမိလေသည်....
“ဘယ်သူတုန်းမင်းက”
“ကျုပ်နာမည်ပီတာပါ ... ၂၀၀၇ ခုနှစ်ကနေ အချိန်ကို နောက်ပြန်ဆုတ်ပြီး ပြန်ဝင်လာတာ လာရခြင်းအကြောင်းကတော့ ခင်ဗျားရဲ့ အကူအညီကိုလိုလို့ဘဲ၊ ခုကျုပ်နေတဲ့ ခောတ်မှာ “ဒီမွန်” ဆိုတဲ့ မကောင်းဆိုးဝါးကြီး သောင်းကျန်းနေတယ် ...သူ့ကို သတ်ဖို့စွမ်းနိုင်တာ ခင်ဗျားတစ်ယောက်ဘဲရှိတယ် ခင်ဗျားကျုပ်နဲ့လိုက်ခဲ့ပါ။”
“ဘယ်လို ...၂၀၀၇ ခုနှစ်ဟုတ်လား” နာရူတို ခေါင်းကုတ်ပြီး မေးလိုက်သည်။
“ဟုတ်တယ် ၂၀၀၇ ခုနှစ်ကနေ ပြန်လာခေါ်တာ ... ကျွန်တော်က အချိန်တွေထဲမှာ ခရီးသွားလို့ရတယ်။ ဒါတွေကို နောက်မှပြောပြမယ်။ ခုကျွန်တော်နဲ့ ကျေးဇူးပြုပြီးလိုက်ခဲ့ပါ့လား”
“မလိုက်နိုင်ပါဘူး ဘာတွေတုန်း ... ကျုပ်ရွာမှာ ကျုပ်မရှိလို့မဖြစ်ဘူး ပြီးတော့ ကျုပ်ဇနီး ဟီနာတာမှာလည်း ကိုယ်ဝန်ရှိနေပြီ. ခင်ဗျားကိုလည်း ကျုပ်မယုံဘူး”
နာရူတိုက ယတိပြတ်ပြောလိုက်သည်။ ဟုတ်တယ်လေ၊ အချိန်ထဲမှာ ခရီးသွားတယ်တဲ့။ မဖြစ်နိုင်လိုက်တာ။
“ဒါဆို ခင်ဗျားကို ကျွန်တော်လက်တွေ့ပြနိုင်ရင် ကျွန်တော်နဲ့ လိုက်လာဖို့ သဘောတူမလား” ပီတာက မေးလိုက်သည်။
“ကောင်းပြီလေ၊ ကျုပ်ကို အတိတ်ကို ပြန်ခေါ်သွားလို့ ရမှာလားပြော”
“ခင်ဗျား ဘယ်အချိန်ကို ပြန်ရောက်ချင်လည်း”
“ဆာကူရာနဲ့ ပြန်တွေ့ချင်တယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်ကို ပြန်သွားပေး”
ပီတာက နာရူတို၏လက်ကို ကိုင်လိုက်သည်။ ပြီးတော့ မျက်စိမှိတ်ကာ အာရုံပြုလိုက်သည်။ လွန်ခဲ့သော ၁၀ နှစ် ..... နာရူတို၏ ဘ၀။ ဆာကူရာကို နာရူတို ဘာလို့တွေ့ချင်တာပါလိမ့်။ အမှန်တော့ ဆာကူရာဆိုသော မိန်းခလေးမှာ သူကြီးနာရူတို တစ်ဖတ်သက်ချစ်ခဲ့ရသော ငယ်ချစ်ဖြစ်သည်။ ခုချိန်မှာ သူမ မရှိတော့ပါ။ ဟုတ်ပါသည်။ ဆာကူရာ သေဆုံးသွားခဲ့ရသည်မှာ တိတိကျကျပြောရလျှင် ၁၀နှစ်ရှိသွားပြီဖြစ်သည်။ နက်ဂျာသမိုင်းတွင် အကြီးကျယ်ဆုံးတိုက်ပွဲဖြစ်သည့် အာကာဆူကီ ဂိုဏ်းကို နှိမ်နင်းသည့်တိုက်ပွဲတွင် သူမအသက်ကို စတေးသွားခဲ့လေသည်။ ထို့ကြောင့် သူကြီးနာရူတို လွန်ခဲ့သော ၁၀ နှစ်ကို ပြန်လည်သွားချင်စိတ် ပြင်းပြနေခြင်းဖြစ်သည်။ ပီတာ မျက်မှောင်ကြီးကုတ်ပြီး အာရုံပြုနေသည်။ မျက်လုံးပြန်ဖွင့်လိုက်တော့ သူတို့ရှေ့ရှိမြင်ကွင်းကြီးပြောင်းလဲနေတာကို တွေ့ရှိရလေသည်။

ရုတ်တရက် မျက်စိရှေ့မှာ မြင်လိုက်ရသော မြင်ကွင်းကြောင့် နာရူတိုခမျာ ကြက်သေသေသွားလေသည်။ လွန်ခဲ့သော ၁၀နှစ်က ဖြစ်ပွားခဲ့သည့် နင်ဂျာစစ်ပွဲကြီး မျက်စိရှေ့မှာ ပြန်တွေ့နေရသည်။ နင်ဂျာသမိုင်းတွင် အပြင်းထန်ဆုံး၊ လူသေပျောက်မှူအများဆုံးစစ်ပွဲကြီး။ တနည်းအားဖြင့်ဆိုသော် အာကာဆူကီဂိုဏ်းနှင့် နင်ဂျာရွာ ၅ရွာပေါင်းထားသော မဟာမိတ်တပ်ဖွဲ့ကြီးတို့ ရင်ဆိုင်ထိတွေ့နေသော နေရာနှင့်အချိန်ဖြစ်သည်။
မာန်သွင်းအော်ဟစ်သံတွေ၊ အော်ဟစ် ညည်းညူသံတွေနှင့် စစ်မြေပြင်တစ်ခုလုံး ပွက်လော ရိုက်နေလေသည်။ ကိန် ... ဟိုမှာ ငါပါ့လား .... ဆာဆူကီနဲ့ တိုက်နေတာ။ ပြီးတော့ အိုရိုချီမာရူကို တိုက်နေတဲ့ သဲနင်ဂျာကျေးရွာက ဂါအာရာနဲ့ ဆာကူရာ။ တစ်ကယ့်ကို အချိန်တွေ နောက်ကိုပြန်ဆုတ်သွားပြီ။ နာရူတို ပီတာကို အံသြသောအကြည့်နှင့် လှမ်းကြည့်လိုက်မိသည်။ ပီတာက မထူးဆန်းသလိုနှင့် ပုခုံးတွန့်ပြသည်။
“ယုံပြီလား ... နာရူတို”
“အင်း ... ယုံပါပြီ။ ဒါပေမဲ့ တစ်ခုတော့ မေးချင်တယ်” နာရူတိုက ဆာကူရာရှိရာသို့ တစ်ချက်လှမ်းကြည့်ရင်း ပြောလိုက်သည်။
“ဆာကူရာကို ကယ်လို့ရမလား”
ပီတာ ခေါင်းကို ဖြည်းဖြည်းချင်း ခါပြလိုက်သည်။
“ကံကြမ္မာနဲ့ ဘုရားသခင်ကို ပြန်ပြီးမလှည့်စားရဘူး နာရူတို ... သူ့ကံရှိသလောက်ဘဲ အသက်ရှင်ပါစေ”
ပီတာက ပြောရင်း နာရူတိုလက်ကို ဆွဲပြီး ယခင်နေရာသို့ ပြန်ခေါ်သွားလိုက်လေသည်။
နာရူတို၏ မျက်လုံးထဲတွင် ဆွေးမြေ့ကြေကွဲပုံ အထင်းသားပေါ်ပေါက်နေ၏။ ထိုတိုက်ပွဲတွင် သူချစ်ခင်ရင်းနှီးခဲ့ရသော သူ၏သူငယ်ချင်းများစွာ အသက်ဆုံးရုံးခဲ့သည် မဟုတ်ပါလား။ အံတစ်ချက်ကြိတ်ပြီး ပီတာဘက်ကိုလှည့်ကာ ....
“ဟီနာတာကို သွားနှုတ်ဆက်လိုက်အုံးမယ် ... ပြီးတော့ ကျုပ်မရှိတုန်း ရွာကို တာဝန်ယူဖို့ ကျုပ်သူငယ်ချင်း နာကာမူရာကို သွားပြောရအုံးမယ် ... နောက်ခဏနေမှ ဒီမှာ ပြန်ဆုံကြတာပေါ့”
“ကောင်းပါပြီ နာရူတို” ပီတာက ၀မ်းသာအားရပြန်ဖြေလိုက်သည်။
ရွာရှိရာသို့ လှမ်းလျှောက်သွားသော နာရူတိုကို ကြည့်ရင်း ပီတာ တစ်ယောက် အတွေးတွေ နယ်ကျွံနေမိသည်။
လူဆိုးကြီး “ဒီမွန်” ကိုနိုင်ဖို့ နည်းလမ်းအား အိုင်းဇက် ဆီကရသော ပါဝါဖြင့် အနာဂါတ်ကို ပန်းချီရေးဆွဲ ကြည့်ရာမှ နင်ဂျာသူရဲကောင်း နာရူတို၏ အကူအညီလိုကြောင်းတွေ့ရှိရသဖြင့် သူလာရောက်ခဲ့ရခြင်း ဖြစ်သည်။ အချိန်ကား လူဆိုးကြီး ဒီမွန်၏ ဆိုးသွမ်းမှူများကို ကမ္ဘာကြီးတစ်ခုလုံးက ထိန့်လန့်နေရသော အချိန်ဖြစ်သည်။ ဒီမွန်သည် ကမ္ဘာကြီးတစ်ခုလုံးကို အုပ်စိုးရန်အစီအစဉ်ဖြင့် လွန်ခဲ့သော နှစ်၂၀ခန့်ကတည်းက ကြိုတင်စီစဉ်ခဲ့လေသည်။ သူ၏သွေးကို မွေးကင်းစကလေးများအား လိုက်လံတိုက်ကျွေးပြီး ကလေးတစ်ဦးချင်းစီအား တစ်ဦးချင်းကိုယ်ပိုင်ပါဝါများ ရရှိစေရန် ကြိုးစားခဲ့သည်။ အဆိုပါကလေးများကို ဒီမွန်က သေချာစွာ စီစစ်ပြီး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဒီမွန်သည် လူသားများထဲတွင် ရောနေနိုင်သော မကောင်းဆိုးဝါးတပ်မတော်ကြီး ဖွဲ့စည်းရန် အချိန်ယူ စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင်ကား ဒီမွန်၏ ရည်ရွယ်ချက်များ အတော်ပင်ခရီးပေါက်နေပြီဟု ဆိုနိုင်နေပြီ ဖြစ်သည်။
နေရာတိုင်းတွင် ဒီမွန်၏တပ်ဖွဲ့များက လိုက်လံဒုက္ခပေးလျှက်ရှိသည်။ လူသားများထဲတွင် ရောနေသဖြင့် ဘယ်လိုမှ ခွဲမထုပ်နိုင်။ ဒီမွန်၏ညာလက်ရုံး ဆမ်ဝင်ချက်စတာသည် အစ်ကိုဖြစ်သူ ဒီးန်ဝင်ချက်စတာကို သတ်ကာ ကမ္ဘာတောင်ဘက်ခြမ်းကို စိုးမိုးထားသည်။ သန်းပေါင်းများစွာသော လူများသည် ဒီမွန်၏တပ်ဖွဲ့ကြောင့် များစွာ သေဆုံးလျှက်ရှိနေသည်။ ထိုအဖြစ်မှ ကယ်တင်ရန် တစ်ခုသောနည်းလမ်းမှာ နင်ဂျာသူရဲကောင်း နာရူတိုအား အနာဂါတ်သို့ ပြန်လည်ခေါ်ဆောင်ရန် ဖြစ်လေသည်။