Who Can Understand Your Heart's History!
ဘ၀မှာ တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ဖူးသော ပူလောင်မှူမျိုးနှင့် ကျွန်တော် ပူလောင်နေရပါတယ်။ သူမကို ချစ်မိသဖြင့် ပူလောင်ခြင်းဖြစ်သောကြောင့် နောင်တရရန်တော့ မရှိပါ (တစ်ပြိုင်နက်ထည်းမှာ သူမကတော့ ကျွန်တော့်ကို ချစ်မိ၍ စိတ်ညစ်ရသောအခါတွင် နောင်တများရလေ့ရှိပါတယ်)။ မိန်းမတစ်ယောက်ကို ချစ်မိသောအခါ လွမ်းရပါသည်။ ဆွေးရပါသည်။ ပျှော်ရွှင်ရပါသည်။ ငိုကြွေးရပါသည်။ ကြည်နှူးရပါသည်။ နာကျင်ရပါသည်။ အားလုံးသောခံစားမူများကို ရင်ထဲသို့ သွတ်သွင်းစရင်းမှတ်လိုက်သောအခါ “မွှန်သည်” ဟူသော အသုံးအနှုံးတစ်ခု ထွက်ရှိလာလေသည်။ ဟုတ်ပါသည်။ ကျွန်တော် ယခု မုန်ယိုနေသော နွားတစ်ကောင်ဖြစ်နေသည်။ဆင်ကဲ့သို့ သွေးမဆိုးပါ။ တစ်ဖက်သားကို ပါတ်ဝန်းကျင်ကို လိုက်လံဒုက္ခမပေးပါ။ ကိုယ့်ဘက်ကိုယက်ပြီး မြှားဦးကို မိမိရင်ဘတ်သို့ လှည့်ထားပြီး မွှန်ပါသည်။ နေ့နှင့်ညကို တည့်တည့်ကြီးလွဲရုံမျှမက အိပ်စက်ခြင်း၊ စားသောက်ခြင်းဟူသော လူတို့ ဓလေ့ထုံးတမ်းများ ကျွန်တော့ ကိုယ်ခန္ဒာမှ သွေဖည်သွားလေသည်။ အပြစ်တင်ခြင်း၊ တောင်းပန်ခြင်း တစ်လှည့်စီ ညည်းညူရင်း ချစ်သူမိန်းကလေး၏ စိတ်ကို ညှင်းပန်းမိသည်။ ကျွန်တော်ခံစားနေရသော ခံစားမူများကို မှန်မမှန် တိုက်ဆိုင် စစ်ဆေးရန် ကျွန်တောပြောပြတိုင်ပင်စရာ နားတစ်စုံမှ မရှိပါ။ သို့သော် ကျွန်တော့်ကိုယ်ကျွန်တော် မှားသည်ဟု ပြင်ဆင်ခံစားပစ်လိုက်ပါသည်။ အရာအားလုံးကို မေ့ပစ်ရန် မစွမ်းသာသောအခါ၌ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ခြင်းသည် အကောင်းဆုံး ကုသခြင်းတစ်မျိုးဖြစ်မည်လားဟု စိတ်ကို ဆရာကြီး လုပ်လိုက်ခြင်းဖြစ်သည်။ မိမိအမှားကို အယင်ဆုံး ကြည့်ရမည်ဟု ဆရာ့ဆရာကြီးများက ဆုံးမသည်မဟုတ်ပါလား .... လောကကြီးတစ်ခုလုံးမှန်နေပါသည်။ ကျွန်တော်မှားနေခဲ့တာ .... ကျွန်တော့ ခံစားမူများအတွက် ပြန်လည်ရရှိခဲ့သော “တောင်းပန်ပါတယ်” ဆိုတဲ့စကားကို ပြန်လည်ပေးအပ်လိုက်ပါပြီ။ ဤအတွက် ထူးမခြားနား ပတ်ပျိုးကို နိုင်ငံတော်သီချင်းလုပ်ရန် ရည်ရွယ်သည်ဟု မထင်ပါနှင့်။ ဓမ္မတာ ဆိုသောစကားကို ရင်နှင့်မဆန့်၍ ရင်နှင့်ဆန့်သော “မိမိကိုယ်မိမိ ခုံရုံးတင်ခြင်း” အမူကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါ၏။ ယခင်က နောင်တစ်ချိန်တွင် လမ်းခင်းသောအခါ ပန်းတွေ ပွင့်ပါစေဟု ဆုတောင်းခဲ့ဖူးပါသည်။ ယခုကား ထိုပန်းများကို ကျွန်တော်ကိုယ်တိုင် မျက်ရည်နှင့် စိုက်ပျိုးပြီး ခင်းရတော့မည်မှန်း ကံကြမ္မာက ထွေလာထိုးပြသွားလေသည်။ ညဦးတွင် မက်သော အိမ်မက်ကို မနက်မိုးလင်းသောအခါ မှတ်မိမည်ဟု မည်သူမျှ အာမမခံနိုင်ပေ။ လက်ဖျစ်တစ်တွက်တွင် ကတိတစ်လုံးသည် အမှန်တစ်ရားပေါ်မှ ကန်ချခံရကာ နာကျင်မူများကို မွေးထုပ်ရန်အသင့်ရှိနေခဲ့သည်။ ကျွန်တော် စွန့်လွှတ်သွားမည်ကို လုံးဝမကြောက်ရွှံ့သော သူမဟာ အားသာချက်တွေ တနင့်တပိုးကို ချနင်းရန် သတ္တိများနှင့် ရဲရဲတောက်နေခဲ့သည်။ ကျွန်တော်သည် စိတ်မညစ်တတ်သော နှလုံးသားပိုင်ရှင်၊ စိတ်မပူတတ်သော ချစ်သူ၊ သ၀န်မတိုတတ်သော လူကြီးလူကောင်းတစ်ယောက် ဟု သူမက သီအိုရီတစ်ခုကို အလွတ်ကျက်သလိုမျိုးကို မှတ်သားထားခဲ့သည်။ သူမကို စိတ်ညစ်အောင်လုပ်လာလျှင်လည်း မည်သို့သော ယောက်ကျားဖြစ်ပါစေ နှုတ်သီးအင်မတန် ကောင်းပါသည်။ လျှာပါးလား မပါးလား ဆိုခြင်းကိုတော့ ကျွန်တော်မသိပါ။ အကြိမ်ပေါင်းများစွာ ဦးစားမပေးခံရသော၊ အမြဲတမ်းနောက်ရောက်နေခဲ့သော မိမိကံတရားကို ကျွန်တော် ရွှေချထားလိုက်ချင်ပါ၏။ ရူံးနိမ့်ခြင်း ဆိုသောစကားသည် မပြည့်စုံပါ။ ကွပ်လက်ပေါင်းများစွာ၏ လစ်ဟာမူကို ဤစကားတစ်မျိုးထဲဖြင့် မကာမိသေးပါ။ အရာရာမှာ သူမကို လိုအပ်ကြောင်းသိရှိလာချိန်မှာ သူမကလည်း သူမ၏ အလိုဆန္ဒများကို ထုပ်ဖော်ပြသခဲ့လေသည်။ ဖြစ်ပေါ်လာသော အက်ကွဲကြောင်းများကို ကျွန်တော့ နှလုံးသွေးများက ၀င်ရောက် ဖာထေးသွားကြသည်။ ကျွန်တော့ အချစ်များ လျှော့ပေါ့သွားနိုင်သည်ဟု သူမထင်မှတ်ထားခဲ့သလို ကျွန်တော် မဖြစ်ခဲ့ပါ။ သူမက မျှော်လင့်ပြီး လုပ်ချင်းဖြစ်ပေမဲ့ ကျွန်တော်က မမျှော်လင့်ဘဲ ကမ္ဘာပျက်ခဲ့ခြင်းကိုတောင် ရင်ကော့ပြီး ခံနိုင်ခဲ့ပါတယ်။ ဘ၀မှာ ဤကဲ့သို့ မိန်းမတစ်ယောက်အပေါ် ချစ်ခဲ့သည်ဟု အဘယ်သို့ တိုင်တည်ရမည်နည်း။ မလိုပါ။ လုံးဝမလိုပါ။ ကိုယ့်နှလုံးသားရဲ့ ရာဇ၀င်ကို ကိုယ့်နှလုံးသားကဘဲ နားလည်နိုင်ပါတယ်။ ငြင်းဆန်ခြင်းမရှိ၊ ကန့်ကွက်သူမရှိ။ လောက၏ လိုအင်များကို ဖြည့်ဆည်းပေးရန် လေပေါ နေသော ကျွန်တော်သည် ကိုယ့်နှလုံးသား၏ လိုအပ်ချက်များကို မေ့လျှော့နေခဲ့သည်။ ကျွန်တော်ဆိုသည်မှာ ကျွန်တော်ဖြစ်သည် မဟုတ်ပါလား ....