Detection!
ညနေစောင်းသည် အရောင်တင်မှုန့်များသွားသော ဟင်းတစ်ခွက်ကဲ့သို့ နီရဲပြီး စွေစောင်းနေလေသည်။ ပါးလွှာပြီး နှူးညံ့နေသော နေရောင်၏အထိအတွေ့ကြောင့် ခွေးများပင် အူလာကြသည်။ ထို့ကြောင့် အကျဉ်းတန်မလေးများ အိမ်ထဲသို့ပြန်ဝင်သွားကြလေသည်။ အစကတော့ ထမီပါးပါးဝတ်ပြီး ရွာထဲလမ်းလျှောက်ဖို့ စီစဉ်ထားကြပေမဲ့ ခွေးအူသံကြောင့် နမိတ်မရှိဟု ယူဆကာ ပြန်ငြိမ်နေကြခြင်းဖြစ်သည်။ အမှန်တော့ ဤညနေစောင်းမှာ လှလွန်း၍ ခွေးများအူကြခြင်းဖြစ်သည်ကို ကောင်မလေးများ မသိရှိကြပေ။ နေခြည်ဖြာ၍နွေးပါ၏။ နေခြည်ဆမ်း၍ လမ်းပါ၏။ ချုပ်ညရီလက်တစ်ကမ်းမှာ အလှပန်းများ မိုးယံတိုင် တက်ပွင့်ပါ၏။ ညီအစ်ကိုခြင်းသာ မသိတသိဖြစ်ပေမဲ့ ညီအစ်မခြင်းကတော့ဖြင့် သိကြပါသည်။ ရွာရိုးက ကိုးပေါက်မှ မရှိတော့တာ။ ဒွါရကိုးပေါက်ကို ဆိုလိုခြင်းမဟုတ်ပါ။ အချိန်ကာလ ရွေ့လျားသာသဖြင့် လမ်းသလားစရာ အပေါက်များ လျှော့နည်းလာခြင်းကို ပြောခြင်းဖြစ်ပါသည်။
တောင်စွယ်နေကွယ်လျှင် ပါးကွက်သား၏ တစ်နေ့တာအလုပ်စတင်လေသည်။ ညငှက်တို့ အိပ်ရာကနိုးလာကြပြီ။ ညားကာစ ဇနီးမောင်နှံတို့ ရင်ခုန်သံများ ဂျောင်းဂျောင်းမြည်ဟီးတော့မည်။ ဆာလောင်နေသော အလုပ်သမားပေါင်းများစွာကတော့ မိမိတို့အိမ်ရှိရာသို့ သုတ်သုတ် သုတ်သုတ်ဖြင့် အလုအယက် ပြန်လာနေကြသည်။ ဖောက်ပြန်နေသော အိမ်ထောင်ရှင်ယောက်ကျားများကတော့ ကမ္ဘာပေါ်တွင် အကျဉ်းတန်ဆုံး အိမ်သူသက်ထား၏ မျက်နှာကို မြင်ယောင်ရင်း သက်ပြင်းများ အကြိမ်ကြိမ်ချလျှက်။ ဖောက်ပြန်ပြီးသွားသော မိန်းမများကတော့ အလုပ်မှပြန်လာသော ယောက်ကျားနှင့် သန်းခေါင်ယံ စီးချင်းထိုးပွဲကို တားဆီးရန် ဆင်ခြေတစ်ချို့ကို စဉ်းစားနေလေသည်။ဟာမီုနီပျက်လျှင် ဟာသဖြစ်တတ်သည်။ ဓမ္မတာပျက်လျှင် ကိုယ်ဝန်တည်တတ်သည်။ ဂုဏ်ပျက်လျှင် လူသတ်တတ်သည်။ ညသည် ဤသို့ အစပြုပါ၏။