Monday, November 19, 2007

Idiot Themes Of The Winter!

ကောင်းကင်မှာအရောင်ရှိသလို ညမှာလည်း အရောင်ရှိတယ်ဆိုတာ ကျွန်တော် လွန်ခဲ့တဲ့ တစ်ပါတ်လောက်က စပြီး သတိထားမိလိုက်ပါတယ်၊ တိတိကျကျပြောရရင် အဖြူရောင်ညတွေပါ။ နှင်းတွေ တစ်ဖွားဖွား အဆုတ်လိုက် အဆုတ်လိုက် ကျဆင်းလာပြီး မြေပြင်တစ်ခုလုံး ဖွေးဖွေးလှုပ်သွားလေရဲ့။ တစ်ကယ်တော့ အဖြူရောင်မကပါဘူး၊ ငွေရောင်သန်းနေပါသေးတယ်၊ အဖြူရောင်ငွေနှင်းတွေပါ။ တိုက်တွေပေါ်က အခန်းမီး ကွက်ကြားကွက်ကြားကနေ ဆလိုက်ထိုးထားသလို မြင်နေရတယ်။ သြော် .... သူတို့တွေ လာကြပြန်ပြီပေါ့။ အေးစက်စက်လေတွေ၊ အေးစက်စက်အငွေ့အသက်တွေကို သယ်ဆောင်လာတဲ့ ဒီနှစ်ဆောင်းရာသီကို ဟိုအယင်တုန်းကလိုဘဲ ရင်ထဲမှာ နွေးနွေးလေးခံစားလိုက်ရပါတယ်။ မြေပြင်ပေါ်က နှင်းတွေ အရောင်ပြန်ပြီးတော့ ညဟာ အဖြူရောင်တောက်တောက်လေး ဖြစ်နေပါတယ်၊ ကြည့်စမ်း ... ငါဟိုအယင်နှစ်တွေက ဘာလို့သတိမထားမိတာပါလိမ့်၊ ဒီလောက်လှပတဲ့ မြင်ကွင်းကို ငါလွတ်သွားခဲ့ရတာ သိပ်နာတာဘဲ။ အပြာရောင်ညကို အချစ်ညလို့ တင်စားလို့ရှိရင် အဖြူရောင်ညကိုရော ဘယ်လိုခေါ်ကြရင် ကောင်းမလဲ ...ကောင်းကင်မှာ ကြယ်တစ်ပွင့်မှ မရှိဘဲ လှနေတဲ့ညဆိုတာ ဒီလိုညမျိုးပါဘဲထင်ပါရဲ့။ တိုက်တွေရဲ့ ခေါင်မိုးပေါ်မှာ ကားတွေပေါ်မှာ လမ်းမတွေပေါ်မှာ အဖြူရောင်အလွှာ ဖုံးအုပ်ထားတယ်၊ ပြီးတော့ အရိုးပြိုင်းပြိုင်း သစ်ပင်တွေ .... ဆန့်ကျင်ဘက် နမိတ်ပုံတွေကို စုပြုံခံစားလို့ရနေပါတယ်။ သေချာတာကတော့ ဒီလိုညမျိုးကို နှစ်သက်တဲ့သူဟာ စိတ်ကူးယဉ်ဆန်မဲ့သူတော့ မဟုတ်ပါဘူး၊ တစ်စုံတစ်ခုကို နက်နက်ရှိုင်းရှိုင်း စူးစိုက်ခံစားတတ်မဲ့သူမျိုးဖြစ်မယ်ထင်ပါတယ်။ ဒါဆို ကျွန်တော်ကရော .... တွေးမိတဲ့ အချိန်မှာ ယောင်ပြီး လက်က တံခါးကိုဆွဲဖွင့်မိလိုက်တယ်... အားပါး .... အေးလိုက်တာဆောင်းရယ် ... လေတစ်ချက်ဝှေ့ခနဲ သုတ်သွားလိုက်တာ ... အသည်းခိုက်တယ်ဆိုတာ ဒါမျိုးဘဲ၊ ကျွန်တော် ဒီလေတွေကိုတော့ မုန်းတယ်။ ဟုတ်တယ်လေ ... ကျွန်တော်သဘောကျတဲ့ အဖြူရောင်ညမှာ ဒီလေ မပါဘူး။ ပြီးတော့ ... ဒီလေတွေကြောင့်ဘဲ ညဟာ ခြောက်ကပ်သွားခဲ့ရတာ။ ဒါတင်မကသေးဘူး ... ဒီလေတွေက အိပ်လို့ကောင်းတဲ့အချိန်တွေမှာဆို ပိုလို့တောင် တိုက်ပြသေးတာ။ ကျွန်တော် လေကို မုန်းတီးခဲ့တာ ခုမှမဟုတ်ပါဘူးလေ။ လွန်ခဲ့တဲ့ နှစ်၂၀က စခဲ့တာပါ ။ကျွန်တော် ၇နှစ်ဘဲရှိသေးတာပေါ့။ မြန်မာပြည်မှာ အဲဒီအချိန်တုံးက ဆောင်းဆိုတာ သရုပ်သကန် ပီပြင်ပါသေးတယ်။ အေးလည်းအေးတယ်၊ မြူလည်းဆိုင်းတယ်၊ လေအေးကလည်း သိပ်ကို သရမ်းတာ။ နေတဲ့အိမ်က ထရံကာ သက်ကယ်မိုး၊ ခနော်နီခနော်နဲ့ အိမ်၊ နှစ်ယောက်ပေါင်း စောင်တစ်ထည်နဲ့ ကွေးနေရတဲ့ ကာလပေါ့။ ညဆို အပေါက်ရှာပြီးဝင်လာတတ်တဲ့ လေအေးအေးတွေကို ကျွန်တော် သိပ်ပြီးမုန်းတယ်။ ကြမ်းကြားကနေလည်း တိုးဝင်လာတတ်သေးတာ။ အမေက ကျွန်တော့်ကို တင်းတင်းဖတ်ပြီး အိပ်တယ်။ မနက်ဆိုလည်း အဲလိုဘဲ။ ဒီတိုင်းနေလို့ကိုမရတာ၊ အဘွားက ခြံထဲက သစ်ရွက်ခြောက်တွေကို တံမြက်စည်းနဲ့လှဲပြီးတော့ မီးပုံလုပ်တယ်။ ကျွန်တော်တို့ မောင်နှမတွေ စုပြီး မီးကင်ကြတာပေါ့။ အဲအချိန်မှာ အမေက လက်လုပ်မီးဖိုလေးနဲ့ ရေနွေးတည်တယ်။ လက်လုပ်မီးဖိုဆိုတာ မြေကြီးကို အိုးဖင်ရဲ့ အနေအထားလောက် ကျင်းတူး၊ ပြီးတော့ ထင်းထည့်လို့အောင် ကျင်းထဲကို မြောင်းလေးဖော်ထားတာပါ။ ပြီးတော့ အမေ့အစ်ကို ရောက်လာတာနဲ့ ရေနွေးသောက်ရင်း ၀ါးထရံယက်ကြတော့တာပါဘဲ။ ကျွန်တော်ကတော့ ဒီနေ့ဘာကစားနည်း ကစားရင်ကောင်းမလဲဆိုတာ စဉ်းစားနေတာပေါ့။ ဒါပေမဲ့ ကျွန်တော် သိပ်ကြိုက်တဲ့ ကစားနည်းတွေ ဖြစ်တဲ့ ညဘက် ထုပ်ဆီးတိုးတာ၊ ဒီထိုးတာတွေကို မဆော့ရမှာတော့ သေချာတယ်။ အဲဒီလေတွေကြောင့်ပေါ့။ မကစားနိုင်ဘူး အေးလို့။ သိတဲ့အတိုင်းဘဲ ... ဒီကစားနည်းတွေက ကွင်းပြင်မှာ ကစားရတာမော့လား။ဘာဘဲဖြစ်ဖြစ်ပါလေ။ ကျွန်တော် အဖြူရောင်ညတွေကိုတော့ လွမ်းမိနေမှာပါ။