Thursday, November 22, 2007

Morning Screams!

ပင်ပန်းကြီးစွာနှင့် မနက်အိပ်ရာကို သူ ကုန်းရုန်းပြီး ထသည်။ ၇ နာရီထိုးပြီပဲ။ ဖုန်းကို မမှီမကန်းနှင့်လိုက်စမ်းသည်။ မိပြီ။ ခလုတ်တစ်ခုကို ရမ်းပြီးနှိပ်လိုက်တော့ နှိုးစက်သံပိတ်သွားသည်။ အိပ်ချင်လိုက်တာ ... မျက်လုံးကို မဖွင့်နိုင်ဘူး။ နည်းနည်းတော့ ပြန်မှေးအုံးမှ။ အချိန်လဲနည်းနည်းစောပါသေးတယ်။ ၁၅ မိနစ်လောက် ပြန်နှပ်ရုံနဲ့ ဘာမှမဖြစ်ပါဘူး။ ခဏကြာတော့ ဇတ်ကနဲ့ သူလှန့်နိုးလာသည်။ ဖုန်းကိုလှမ်းကြည့်တော့ ၇နာရီ ၂၀မိနစ်။ ဟားကွာ ... အိပ်ရေးကိုမ၀ဘူး။ ဘာလုပ်ရင်ကောင်းမလဲ။ ကျောင်းမသွားချင်ဘူး။ ကိုယ့်ဟာကို ပေးလို့ရတဲ့ ဆင်ခြေကို အလူးအလဲ ရှာကြည့်မိလိုက်သည်။ မတွေ့။ အကုန်လုံး Clear Pass. မရဘူးကွာ။ ရှာစမ်း။ ကိုယ့်ဟာကို ပေးလို့မရရင် ဆရာမကို ပေးလို့ရတဲ့ဆင်ခြေရှာကြည့်။ နေမကောင်းဘူးလို့ပြောမလား ... မရဘူး ... မကြာသေးခင်ကမှ ပြောထားတာ .. ဒီဆင်ခြေလည်း အလုပ်ဖြစ်မှာ မဟုတ်ဘူး။ စဉ်းစား၊ စဉ်းစား .... လာတော့လာတယ်ဆရာမ၊ လမ်းမှာ ဘတ်စ်ကားလမ်းပိတ်သွားလို့ ... ဆရာမ ဒီနေ့ အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ ဆုံစရာရှိလို့ .... ဆရာမ ကျွန်တော့ကို သံရုံးကခေါ်ထားတယ် ... ဆရာမ ဒီနေ့ အိမ်ကမိဘတွေ အွန်လိုင်းလာမယ် .... ဆရာမ ဒီနေ့ ဟိုဟာ ... ဒီဟာ ......... မရဘူး .... ဒါတွေလည်း အကုန်ပြောခဲ့ပြီးသွားပြီ။ ဘာလုပ်ရင်ကောင်းမလဲ ....ငိုချင်သွားသည်။ ထရတော့မှာပေါ့ ... ၀မ်းနည်းခြင်းကြီးစွာနှင့် သူကြိုးစားပြီးထလိုက်ရသည်။ အိပ်ရာပေါ်မှာ ငူငူကြီးထိုင်နေလိုက်သေးသည်။ ပြီးမှ ရေချိုးခန်းကို သွား .. သွားတိုက် ... အဲဒီအထိ မျက်လုံးကို ဖွင့်တယ်ဆိုရုံလေးဘဲ ဖွင့်ထားသည်။ ဒီ ... ဒီ .... ဒီ .... တံခါးမှ alarm သံထွက်လာတော့ ထုံးစံအတိုင်း တံခါးဖွင့်၊ သူငယ်ချင်းကို မလိုက်နိုင်သေး၊နောက်ကျအုံးမယ်ဆိုတဲ့အကြောင်းပြောလိုက်သည်။ ဒီနေလည်း အယင်ကလိုဘဲ မနက်စာငတ်ပါပြီ။ လွယ်အိပ်ထဲကို မုန့်တွေထည့်လိုက်သည်။ အပြင်မှာ ၀ယ်မစားနိုင်။ ဈေးကြီးသည်။ ထို့အတွက် ညနေ ၃နာရီအထိ ဗိုက်ဆာခံဖို့ ဘီစကစ် သို့မဟုတ် ချောကလက် တစ်ခုခု ထည့်သွားရသည်။ အေးလိုက်မဲ့ဖြစ်ခြင်း အပြင်မှာ။ -၂၀ လောက်ကတော့ အသာလေးဘဲ။ လမ်းပေါ်ကို သုတ်သုတ်လေး ပြေးထွက်လာခဲ့သည်။ သြော် ကိုယ်ကသာ အပျင်းတွေကြီးနေလိုက်တာ။ လမ်းပေါ်မှာတော့ လူတွေ ဥဒဟိုတောင်သွားနေကြပြီ။ ရှက်တော့ရှက်သား။ အယ် ... ဘယ်တတ်နိုင်မှာတုန်း ... ပျင်းတယ်ဆိုတာလည်း အမေမွေးထဲကပါလာတာဘဲလေ။ ခွာချဘို့ အင်မတန်ခက်တာ။ သို့ကလို စဉ်းစားမှ။ နို့မို့ဆို ကိုယ့်ကိုကိုယ် ထပ်အပြစ်တင်နေမိအုံးမယ်။ ခုလောလောဆယ် ကားချိန်ကိုက်ရဘို့လို၏။ စဉ်းစားတုန်းရှိသေး။ ကားဂိတ်ကို ဘတ်စ်ကားတစ်စီး ထိုးဆိုက်လာလို့ အပြေးအလွှားလိုက်ရပြန်သည်။ ကားပေါ်ရောက်တော့ မျက်လုံးကကျယ်သွားပြီလေ။ မကျယ်လဲခံနိုင်ရိုးလား ... ဒီလောက်အေးတဲ့ရာသီဥတုနဲ့ ဒီလိုပြေးလွှားနေရတာ။ ဒီနေ့စောစောပြန်ရရင်ကောင်းမှာ။ ဘီစကစ်လေးထုပ်ကိုက်ရင်းနဲ့ သူကားပေါ်မှာ ငေးငေးလေး ပါသွားပါတော့သည်။ ကျောင်းသွားဖို့အစီအစဉ် အောင်မြင်ပြီကွ။ သူငယ်ချင်းတွေကို အားကျမိသည်။ သူတို့များ မညီးမငြူ တတ်နေကြတာ .... တစ်ကယ် ချီးကျူးဖို့ကောင်းတယ်။ ဒီနေ့ပြန်လာရင် ညကို စောစောအိပ်မယ်။ စာကြည့်မယ်။ နှစ်နာရီမျှကြာမဲ့ခရီးမို့ သူ့အတွေးတွေကို ဖြန့်ကျက်ပစ်လိုက်သည်။ သြော် ... ဘ၀မဟုတ်တဲ့ ဘ၀ .....