Thursday, November 29, 2007

Love Is Never Perfect For Our Mind!

ပစ္စည်းနှင့်ယှဉ်သော လူတန်းစားတွင် ကျွန်တော်သည် အညတရ အောက်ခြေအလွှာမှာ ရှိပါသည်။ ပညာနှင့်ပါတ်သက်သော လူတန်းစားတွင်လည်း ကျွန်တော်သည် အလယ်အလတ်၌သာ ရှိပါသည်။ ဤကဲ့သို့ အခြေအနေကို တွက်ဆကြည့်မိလျှင် ဘယ်မိန်းမကမှ ကျွန်တော့်ဘ၀ကို “ပြည့်စုံလုံလောက်သော ယောက်ကျား” ဟု သတ်မှတ် ကြမည်မဟုတ်မှာ သေချာပါသည်။ သို့သော် ယခုလို အခြေအနေမျိုးနှင့်လည်း ပေါင်းစည်းသွားကြသူများ မရှိဟု မဆိုလိုပါ။ ရှိပါသည်။ ယုံကြည်မူနှင့် အချစ်၏ စွမ်းအားကြောင့် အရာရာကို ရင်ဆိုင်သွားနိုင်ကြသောသူများ ရှိပါသည်။ ထိုသူတို့ကား ၂၁ရာစု၏ သူရဲကောင်းများဖြစ်ကြလေသည်။
ကျွန်တော့ဘ၀ကို မပြည့်စုံ၍ မလာချင်ဟုဆိုပါလျှင် ကျွန်တော့နှုတ်မှ “ကိုယ်က ဆင်းရဲလို့ အဲလိုဆုံးဖြတ်တာလား .. သိပါပြီ .. ရပါတယ်” ဟု စကားနာထိုးသလိုလိုနှင့် အမှန်တော့ အသနားခံတတ်သော ယောက်ကျားထဲမှာတော့ ကျွန်တော်လုံးဝမပါပါ။ မဆင်းရဲအောင်ထားနိုင်ပါသည် ဟူသော အာမခံချက်တစ်ခုထဲနှင့် မကျေနပ်နိုင်သော ချစ်သူများကို အပြစ်လည်းမတင်ရက်ပါ။ အပြစ်တင်မည်ဆိုလျှင် မိမိ၏ အတ္တကြီးမူသက်သက်သာ ဖြစ်ပေမည်။ ကိုယ့်ဘ၀ထဲကို သူလာလျှင် ကိုယ်က အပေါင်းလက္ခဏာပြပေမဲ့ သူက အနှုတ်လက္ခဏာ တစ်ချို့နှင့်လာရခြင်းဖြစ်သည်ကို ကိုယ်ချင်းစာတတ်ရမည်ဖြစ်သည်။
အချစ်နှင့် ချမ်းသာခြင်းသည် အမျိုးတော်ကြလေသည်။ ချစ်သူရွေးချယ်ခြင်းတွင် အတည်တကျ ဖြစ်ချင်သူများ ဆိုပါက ပိုပြီး အမျိုးစပ်တတ်ကြသည်။ မိမိအချစ်ကို ဘုန်းပေါလအော အထွက်မခံ။ သေချာပြီဆိုမှ ဒလဟောစီးရင် စီးရပါစေ။ အဆိုပါမိန်းကလေးများ ပညာရှိပါပေသည်။ လူသားမဆန်သော ခံစားချက်တစ်ခုကို မွေးမြူထားပေမဲ့ လူပီသသည်ဟုတော့ ကောက်ချက်ချရမည်ဖြစ်သည်။ ထိုမိန်းကလေးများသည် အရှေ့ကိုမျှော်ကြည့်လို့ အသည်းကွဲအက်စရာ အတိုအထွာလေးများ မြင်လျှင်ကို အမြန်ဆုံး ကာကွယ်ထားတတ်ကြသည်။ သို့သော် ကျွန်တော်မကြိုက်သော အချက်တစ်ခုရှိပါသည်။ ယင်းကား လိမ်တတ်ခြင်းဖြစ်သည်။ အဆိုပါမိန်းကလေးမျိုးသည် ကမ္ဘာပေါ်တွင် အလိမ်တတ်ဆုံးအမျိုးသမီးများ ဖြစ်ကြသည်။
ယောက်ကျားရော မိန်းမပါလိမ်တတ်ပါသည်။ ကိုယ့်ရီးစား ယောက်ကျားရနေသည်ကိုပင် ၂နှစ်မြောက်မှ သိရအောင် ဟန်ဆောင်ကောင်းသော မိန်းမများ ရှိသလို လူပျိုယောင်ဆောင်နေသော အိမ်ထောင်ရှင် ယောက်ျားများလည်း အင်မတန်ပေါလေသည်။ ချစ်သလိုလိုဖြစ်လာတာနဲ့ ပိတ်တွဲဖြစ်သော မိန်းမများရှိသလို မချစ်ဘဲနှင့် အပျှော်တွဲသော ယောက်ျားများလည်း ရှိပါပေသည်။
ကွဲပြဲခဲ့ကျသော အတွဲများကို သုတေသနလုပ်ကြည့်လိုက်လျှင် ရာခိုင်နှုံးတော်တော်များများသည် လိုင်းပူးခြင်း၊ စိတ်မပြတ်သားခြင်းတို့ကြောင့်ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ နှစ်ဦးစလုံး ချစ်လျှက်နှင့် သတ္တိမရှိ၍ သော်လည်းကောင်း၊ ကံတရားအကြောင်းမသာ၍သော်လည်းကောင်း ဝေးကွာခဲ့ကြသော အတွဲများ သိပ်ပြီး များများစားစားရှိမည် မထင်ပါ။ ဘောလုံးပွဲအားပေးနေသော လူပေါင်းများစွာ၏ အဓိက ရည်ရွယ်ချက်မှာ စိတ်လှုပ်ရှားမူများကို ဟာကနဲ ဟင်ကနဲ ခံစားချင်၍ဖြစ်သည်။ ထို့အတူပင် အချစ်သည် စိတ်လှုပ်ရှားမူပေါင်း များစွာကိုပေးလေသည်။ လူသားအားလုံး ပရိသတ်ဖြစ်သွားရသည်။ ထို့ကြောင့် ပွဲကောင်းလျှင်ဖြစ်စေ၊ မကောင်းလျှင်ဖြစ်ပစေ၊ ဤခံစားမူကို လိုချင်၍ ဘောလုံးကန်ပစ်လိုက်သော အတွဲများသည် ရှေ့ဆုံးက ကွဲပြဲကြလေသည်။
နားလည်မူလွဲခြင်းသည်လည်း အင်မတန် အဖြစ်များသော အသည်းခွဲရောဂါတစ်ခုဖြစ်သည်။ နားလည်မူလွဲရခြင်း၏ အခြေခံအကြောင်းတရားများ သည်ကား “စိတ်မပြတ်သားခြင်း” “ဖြေရှင်းနည်းမှားယွင်းခြင်း” “အတ္တကို ရှေ့တန်းတင်ခြင်း” “ထပ်တူညီမျှမူကို လိုချင်ခြင်း” စသည်တို့ကြောင့်ဖြစ်သည်။ မိမိချစ်သူ လိုချင်သော ပမာဏအထိနေပေးချင်သော်ငြားလည်း ကိုယ့်စိတ်ကိုယ် မထိန်းနိုင်၍ လိုင်းပူးမိသောအခါ ကွဲတတ်လေသည်။ ဘာမဟုတ်သော ပြသာနာတစ်ခုကို ရေးကြီးခွင်ကျယ် စိတ်ကောက်တဲ့သူကလည်းကောက်၊ နောက်တစ်ယောက်ကလည်း ဒေါသကို လွှတ်ပလိုက်သည်ဆိုလျှင် ဖြေရှင်းနည်း မှားနေပြီဖြစ်ကြောင်းသိရပေမည်။ အဆိုပါအတွဲများ ကွဲတတ်၏။ ကိုယ့်ကျတော့ ချစ်သူအလိုကျ မနေထိုင်ပေမဲ့ ကိုယ့်ချစ်သူကိုကျတော့ မိမိစိတ်တိုင်းကျ ပုံသွင်းပြီး နေထိုင်ခိုင်းတတ်သောအခါတွင်လည်း ကွဲတတ်လေသည်။ နောက်ဆုံးတစ်ချက် “ထပ်တူညီမျှမူကို လိုချင်ခြင်း” ဆိုသည့် အကြောင်းအရာကား လွန်စွာ သိမ်မွေ့ပြီး ဖြေရှင်းရအခက်ဆုံး ဖြစ်သည်ဟု ဆိုရပေမည်။ လူတိုင်း ကိုယ့်ပေးဆပ်မူနှင့်ကိုယ် မိမိချစ်သူအပေါ် ပေးဆပ်ကြတာချည်းဖြစ်ပါသည်။ သို့သော် ကိုယ်က ဒီလိုနေရာမှာ ဒီလို လုပ်ပေးခဲ့တာ သူ့လှည့်ကျတော့ ဒါလေးတောင် မလုပ်ပေးနိုင်ဘူးဟု စိတ်ထဲမှာ နာကျင်ရသည့်အခါများ ရှိပေလိမ့်မည်။ သို့သော် ထို “ဒါလေး” သည် သူ့အတွက်ကျတော့ အင်မတန် ကြီးကျယ်သည့် ပေးဆပ်မူကြီး ဖြစ်နေတတ်သည့် အခါမျိုး ရှိလေသည်။ ထိုအခါတွင် နားလည်မူ သည် နာကျင်မူ အဖြစ်သို့ ပြောင်းလွဲသွားတတ်သည်။ ချစ်သောငြားလည်း ချစ်တတ်သည့် ပုံစံက အထွေထွေ ရှိသည်မဟုတ်ပါလား။
အကောင်းဆုံး ဆိုတာ အချစ်မှာမရှိပါ။ ကောင်းသည်ဟုထင်ရလျှင်ကို ကျေနပ်လိုက်ပါ။ လူဆိုသည်မှာ လောဘနှင့်။ ယခုအချစ်ကိုတော့ စိတ်တိုင်းကျပြီ၊ ပြည့်စုံလုံလောက်သော လက်တွဲဖော်ဟု တွေးမိနေပါပြီဆိုလျှင် သင်သည် အချစ်သက်တမ်း နုနေသေး၍သော်လည်းကောင်း၊ သို့မဟုတ် ကံတရား ဖေးမမူ အင်မတန်ကောင်းနေသည်ဟုလည်းကောင်း မှတ်ယူလိုက်ပါ။ အချစ်အတွက်စာမျက်နှာများသည် မမြင်နိုင်သော လှည့်ကွက်များနှင့် ရေးသာထားခြင်းဖြစ်ကြောင်းကို မကြာခင်သိရှိလာပါလိမ့်မည်။

Click here to Read More..

Tuesday, November 27, 2007

Detection!

ညနေစောင်းသည် အရောင်တင်မှုန့်များသွားသော ဟင်းတစ်ခွက်ကဲ့သို့ နီရဲပြီး စွေစောင်းနေလေသည်။ ပါးလွှာပြီး နှူးညံ့နေသော နေရောင်၏အထိအတွေ့ကြောင့် ခွေးများပင် အူလာကြသည်။ ထို့ကြောင့် အကျဉ်းတန်မလေးများ အိမ်ထဲသို့ပြန်ဝင်သွားကြလေသည်။ အစကတော့ ထမီပါးပါးဝတ်ပြီး ရွာထဲလမ်းလျှောက်ဖို့ စီစဉ်ထားကြပေမဲ့ ခွေးအူသံကြောင့် နမိတ်မရှိဟု ယူဆကာ ပြန်ငြိမ်နေကြခြင်းဖြစ်သည်။ အမှန်တော့ ဤညနေစောင်းမှာ လှလွန်း၍ ခွေးများအူကြခြင်းဖြစ်သည်ကို ကောင်မလေးများ မသိရှိကြပေ။ နေခြည်ဖြာ၍နွေးပါ၏။ နေခြည်ဆမ်း၍ လမ်းပါ၏။ ချုပ်ညရီလက်တစ်ကမ်းမှာ အလှပန်းများ မိုးယံတိုင် တက်ပွင့်ပါ၏။ ညီအစ်ကိုခြင်းသာ မသိတသိဖြစ်ပေမဲ့ ညီအစ်မခြင်းကတော့ဖြင့် သိကြပါသည်။ ရွာရိုးက ကိုးပေါက်မှ မရှိတော့တာ။ ဒွါရကိုးပေါက်ကို ဆိုလိုခြင်းမဟုတ်ပါ။ အချိန်ကာလ ရွေ့လျားသာသဖြင့် လမ်းသလားစရာ အပေါက်များ လျှော့နည်းလာခြင်းကို ပြောခြင်းဖြစ်ပါသည်။
တောင်စွယ်နေကွယ်လျှင် ပါးကွက်သား၏ တစ်နေ့တာအလုပ်စတင်လေသည်။ ညငှက်တို့ အိပ်ရာကနိုးလာကြပြီ။ ညားကာစ ဇနီးမောင်နှံတို့ ရင်ခုန်သံများ ဂျောင်းဂျောင်းမြည်ဟီးတော့မည်။ ဆာလောင်နေသော အလုပ်သမားပေါင်းများစွာကတော့ မိမိတို့အိမ်ရှိရာသို့ သုတ်သုတ် သုတ်သုတ်ဖြင့် အလုအယက် ပြန်လာနေကြသည်။ ဖောက်ပြန်နေသော အိမ်ထောင်ရှင်ယောက်ကျားများကတော့ ကမ္ဘာပေါ်တွင် အကျဉ်းတန်ဆုံး အိမ်သူသက်ထား၏ မျက်နှာကို မြင်ယောင်ရင်း သက်ပြင်းများ အကြိမ်ကြိမ်ချလျှက်။ ဖောက်ပြန်ပြီးသွားသော မိန်းမများကတော့ အလုပ်မှပြန်လာသော ယောက်ကျားနှင့် သန်းခေါင်ယံ စီးချင်းထိုးပွဲကို တားဆီးရန် ဆင်ခြေတစ်ချို့ကို စဉ်းစားနေလေသည်။ဟာမီုနီပျက်လျှင် ဟာသဖြစ်တတ်သည်။ ဓမ္မတာပျက်လျှင် ကိုယ်ဝန်တည်တတ်သည်။ ဂုဏ်ပျက်လျှင် လူသတ်တတ်သည်။ ညသည် ဤသို့ အစပြုပါ၏။


Click here to Read More..

Monday, November 26, 2007

Who Can Understand Your Heart's History!

ဘ၀မှာ တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ဖူးသော ပူလောင်မှူမျိုးနှင့် ကျွန်တော် ပူလောင်နေရပါတယ်။ သူမကို ချစ်မိသဖြင့် ပူလောင်ခြင်းဖြစ်သောကြောင့် နောင်တရရန်တော့ မရှိပါ (တစ်ပြိုင်နက်ထည်းမှာ သူမကတော့ ကျွန်တော့်ကို ချစ်မိ၍ စိတ်ညစ်ရသောအခါတွင် နောင်တများရလေ့ရှိပါတယ်)။ မိန်းမတစ်ယောက်ကို ချစ်မိသောအခါ လွမ်းရပါသည်။ ဆွေးရပါသည်။ ပျှော်ရွှင်ရပါသည်။ ငိုကြွေးရပါသည်။ ကြည်နှူးရပါသည်။ နာကျင်ရပါသည်။ အားလုံးသောခံစားမူများကို ရင်ထဲသို့ သွတ်သွင်းစရင်းမှတ်လိုက်သောအခါ “မွှန်သည်” ဟူသော အသုံးအနှုံးတစ်ခု ထွက်ရှိလာလေသည်။ ဟုတ်ပါသည်။ ကျွန်တော် ယခု မုန်ယိုနေသော နွားတစ်ကောင်ဖြစ်နေသည်။ဆင်ကဲ့သို့ သွေးမဆိုးပါ။ တစ်ဖက်သားကို ပါတ်ဝန်းကျင်ကို လိုက်လံဒုက္ခမပေးပါ။ ကိုယ့်ဘက်ကိုယက်ပြီး မြှားဦးကို မိမိရင်ဘတ်သို့ လှည့်ထားပြီး မွှန်ပါသည်။ နေ့နှင့်ညကို တည့်တည့်ကြီးလွဲရုံမျှမက အိပ်စက်ခြင်း၊ စားသောက်ခြင်းဟူသော လူတို့ ဓလေ့ထုံးတမ်းများ ကျွန်တော့ ကိုယ်ခန္ဒာမှ သွေဖည်သွားလေသည်။ အပြစ်တင်ခြင်း၊ တောင်းပန်ခြင်း တစ်လှည့်စီ ညည်းညူရင်း ချစ်သူမိန်းကလေး၏ စိတ်ကို ညှင်းပန်းမိသည်။ ကျွန်တော်ခံစားနေရသော ခံစားမူများကို မှန်မမှန် တိုက်ဆိုင် စစ်ဆေးရန် ကျွန်တောပြောပြတိုင်ပင်စရာ နားတစ်စုံမှ မရှိပါ။ သို့သော် ကျွန်တော့်ကိုယ်ကျွန်တော် မှားသည်ဟု ပြင်ဆင်ခံစားပစ်လိုက်ပါသည်။ အရာအားလုံးကို မေ့ပစ်ရန် မစွမ်းသာသောအခါ၌ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ခြင်းသည် အကောင်းဆုံး ကုသခြင်းတစ်မျိုးဖြစ်မည်လားဟု စိတ်ကို ဆရာကြီး လုပ်လိုက်ခြင်းဖြစ်သည်။ မိမိအမှားကို အယင်ဆုံး ကြည့်ရမည်ဟု ဆရာ့ဆရာကြီးများက ဆုံးမသည်မဟုတ်ပါလား .... လောကကြီးတစ်ခုလုံးမှန်နေပါသည်။ ကျွန်တော်မှားနေခဲ့တာ .... ကျွန်တော့ ခံစားမူများအတွက် ပြန်လည်ရရှိခဲ့သော “တောင်းပန်ပါတယ်” ဆိုတဲ့စကားကို ပြန်လည်ပေးအပ်လိုက်ပါပြီ။ ဤအတွက် ထူးမခြားနား ပတ်ပျိုးကို နိုင်ငံတော်သီချင်းလုပ်ရန် ရည်ရွယ်သည်ဟု မထင်ပါနှင့်။ ဓမ္မတာ ဆိုသောစကားကို ရင်နှင့်မဆန့်၍ ရင်နှင့်ဆန့်သော “မိမိကိုယ်မိမိ ခုံရုံးတင်ခြင်း” အမူကိုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါ၏။ ယခင်က နောင်တစ်ချိန်တွင် လမ်းခင်းသောအခါ ပန်းတွေ ပွင့်ပါစေဟု ဆုတောင်းခဲ့ဖူးပါသည်။ ယခုကား ထိုပန်းများကို ကျွန်တော်ကိုယ်တိုင် မျက်ရည်နှင့် စိုက်ပျိုးပြီး ခင်းရတော့မည်မှန်း ကံကြမ္မာက ထွေလာထိုးပြသွားလေသည်။ ညဦးတွင် မက်သော အိမ်မက်ကို မနက်မိုးလင်းသောအခါ မှတ်မိမည်ဟု မည်သူမျှ အာမမခံနိုင်ပေ။ လက်ဖျစ်တစ်တွက်တွင် ကတိတစ်လုံးသည် အမှန်တစ်ရားပေါ်မှ ကန်ချခံရကာ နာကျင်မူများကို မွေးထုပ်ရန်အသင့်ရှိနေခဲ့သည်။ ကျွန်တော် စွန့်လွှတ်သွားမည်ကို လုံးဝမကြောက်ရွှံ့သော သူမဟာ အားသာချက်တွေ တနင့်တပိုးကို ချနင်းရန် သတ္တိများနှင့် ရဲရဲတောက်နေခဲ့သည်။ ကျွန်တော်သည် စိတ်မညစ်တတ်သော နှလုံးသားပိုင်ရှင်၊ စိတ်မပူတတ်သော ချစ်သူ၊ သ၀န်မတိုတတ်သော လူကြီးလူကောင်းတစ်ယောက် ဟု သူမက သီအိုရီတစ်ခုကို အလွတ်ကျက်သလိုမျိုးကို မှတ်သားထားခဲ့သည်။ သူမကို စိတ်ညစ်အောင်လုပ်လာလျှင်လည်း မည်သို့သော ယောက်ကျားဖြစ်ပါစေ နှုတ်သီးအင်မတန် ကောင်းပါသည်။ လျှာပါးလား မပါးလား ဆိုခြင်းကိုတော့ ကျွန်တော်မသိပါ။ အကြိမ်ပေါင်းများစွာ ဦးစားမပေးခံရသော၊ အမြဲတမ်းနောက်ရောက်နေခဲ့သော မိမိကံတရားကို ကျွန်တော် ရွှေချထားလိုက်ချင်ပါ၏။ ရူံးနိမ့်ခြင်း ဆိုသောစကားသည် မပြည့်စုံပါ။ ကွပ်လက်ပေါင်းများစွာ၏ လစ်ဟာမူကို ဤစကားတစ်မျိုးထဲဖြင့် မကာမိသေးပါ။ အရာရာမှာ သူမကို လိုအပ်ကြောင်းသိရှိလာချိန်မှာ သူမကလည်း သူမ၏ အလိုဆန္ဒများကို ထုပ်ဖော်ပြသခဲ့လေသည်။ ဖြစ်ပေါ်လာသော အက်ကွဲကြောင်းများကို ကျွန်တော့ နှလုံးသွေးများက ၀င်ရောက် ဖာထေးသွားကြသည်။ ကျွန်တော့ အချစ်များ လျှော့ပေါ့သွားနိုင်သည်ဟု သူမထင်မှတ်ထားခဲ့သလို ကျွန်တော် မဖြစ်ခဲ့ပါ။ သူမက မျှော်လင့်ပြီး လုပ်ချင်းဖြစ်ပေမဲ့ ကျွန်တော်က မမျှော်လင့်ဘဲ ကမ္ဘာပျက်ခဲ့ခြင်းကိုတောင် ရင်ကော့ပြီး ခံနိုင်ခဲ့ပါတယ်။ ဘ၀မှာ ဤကဲ့သို့ မိန်းမတစ်ယောက်အပေါ် ချစ်ခဲ့သည်ဟု အဘယ်သို့ တိုင်တည်ရမည်နည်း။ မလိုပါ။ လုံးဝမလိုပါ။ ကိုယ့်နှလုံးသားရဲ့ ရာဇ၀င်ကို ကိုယ့်နှလုံးသားကဘဲ နားလည်နိုင်ပါတယ်။ ငြင်းဆန်ခြင်းမရှိ၊ ကန့်ကွက်သူမရှိ။ လောက၏ လိုအင်များကို ဖြည့်ဆည်းပေးရန် လေပေါ နေသော ကျွန်တော်သည် ကိုယ့်နှလုံးသား၏ လိုအပ်ချက်များကို မေ့လျှော့နေခဲ့သည်။ ကျွန်တော်ဆိုသည်မှာ ကျွန်တော်ဖြစ်သည် မဟုတ်ပါလား ....

Click here to Read More..

Thursday, November 22, 2007

The Worriers Of The World (1)

ပုစွန်ဆီရောင်သန်းနေသော ညနေကိုကြည့်ရင်း ပုစွန်စားချင်စိတ်ပေါက်လာသဖြင့် ဒီနေ့ ပုစွန်ချက်ရန် စိတ်ကူးလိုက်သည်။ မိုးအောက်မြေပြင် ယှဉ်ပြိုင်ဘက်မရှိသော သိုင်းသမားကြီး၏ လျှင်မြန်မှူမျိုးနှင့် ပုစွန်ကို အမြှီးနှုတ် ခေါင်းဖြုတ်ပစ်နေစဉ် လိင်ကင်ပန်းခြံအဖွဲ့၏ သီချင်းကို ဖွင့်ထားလိုက်သည်။ ထို့အတွက် သူ၏လက်များက လွန်စွာလျှင်မြန်သွက်လက်ကာ အလုပ်ကောင်းကောင်းဖြစ်လျှက်ရှိလေသည်။ သို့သော် မကြာမှီမှာပင် သူတစ်ခု သတိထားမိသွားသည်။ လားလား ... ပုစွန်များ၏ နှုတ်ခမ်းမွှေးမှာ လွန်စွာ လှပနေပါ့လား။ မင်းသားကြီး ဂယ်ရီဂယ်ရီပတ်လိုလို ၀င်းဦးလိုလို .... သူဆက်ပြီး မနှုတ်ရက်တော့ ။ အတွင်းအားကို အဆင့်(၂) အထိလျှော့ချကာ လမ်းကြောင်းပြောင်းလိုက်သည်။ ဆယ်ရီဘဲလမ် ဟုခေါ်သော အနုစိတ်လှုပ်ရှားမူများထိန်းချုပ်ရာ အာရုံကြောကွန်ယက်စခန်းသို့ အားဖြည့်လိုက်ပြီး ကိုယ်လုံးတီးပုစွန်ကို နှုတ်ခမ်းမွှေးနှင့် တွဲဖက်ပြီးကျန်နေစေရန် ကြိုးပမ်းလုပ်ဆောင်လိုက်လေသည်။ နောက်ဆုံးတော့ အောင်မြင်စွာပြီးဆုံးသွားသည်။ ဒီကောင်တွေကို မီးငွေ့ငွေ့လေးပေးပြီး ချက်ရမှာဆိုတော့ မီးကို ထိန်းချုပ်ဖို့လိုလာပြန်ပြီ။ ဘယ်လိုလုပ်ရင်ကောင်းမလဲ .... ချာကရာခေါ် အတွင်းအားကို လက်မှာစု .... လိုချင်တဲ့နေရာကို တိုက်ရိုက်ကျအောင် ပို့ ... ဘာသိုင်းကွက်သုံးရင်ကောင်းမလဲ .... သြော်.... ရှင်းရှင်းလေးရယ် “တစ်ပင်တိုင်လက်သရမ်း” သိုင်းကွက်ပေါ့။ ဒီအကွက်က လက်အားကို အသုံးချတဲ့နေရာမှာ တော်တော်လေးစွမ်းတယ်။ အိုးဖင်ကို တစ်ပင်တိုင်လက်သရမ်းနဲ့ ပင့်ပေးထားတုန်းမှာ ကျန်ရှိနေသေးတဲ့ ခြေထောက်နှစ်ချောင်းကို အညီအမျှခွဲ ... ကီထိုင် ... ပြီးရင် ချာလပတ်ဒူဝေေ၀ သိုင်းကွက်နဲ့ မွေ့ပေးနေရမယ်။ သူစတင်ပြီး ချက်ပါပြီ။ ချက်သည်။ ချက်သည်။ အနှီလူကို မည်သူဟုပရိတ်သတ်ကြီးထင်ပါသနည်း... သူကား ဂျပန်ပြည် နင်ဂျာကျေးရွာမှ သူကြီး နာရူတို ဖြစ်လေသည်။သူကြီးနာရူတို ကောင်းကောင်းဟင်းချက်နေစဉ် ရုတ်တရက်သူ့ရှေ့သို့ လူငယ်တစ်ယောက်ဘွားကနဲပေါ်လာသည်။ စုတ်ချွန်းချွန်းနဲ့ ရေးကြီးခွင်ကျယ်သိပ်လုပ်မဲ့ရုပ်မျိုး ... ဒီကောင်တော်တော်စွမ်းပါ့လား ... မြန်လိုက်တာရောက်လာပုံက၊ ငါလုံးဝသတိမထားမိလိုက်ဘူး ...... နာရူတို့စိတ်ထဲမှာ တွေးနေမိလေသည်....
“ဘယ်သူတုန်းမင်းက”
“ကျုပ်နာမည်ပီတာပါ ... ၂၀၀၇ ခုနှစ်ကနေ အချိန်ကို နောက်ပြန်ဆုတ်ပြီး ပြန်ဝင်လာတာ လာရခြင်းအကြောင်းကတော့ ခင်ဗျားရဲ့ အကူအညီကိုလိုလို့ဘဲ၊ ခုကျုပ်နေတဲ့ ခောတ်မှာ “ဒီမွန်” ဆိုတဲ့ မကောင်းဆိုးဝါးကြီး သောင်းကျန်းနေတယ် ...သူ့ကို သတ်ဖို့စွမ်းနိုင်တာ ခင်ဗျားတစ်ယောက်ဘဲရှိတယ် ခင်ဗျားကျုပ်နဲ့လိုက်ခဲ့ပါ။”
“ဘယ်လို ...၂၀၀၇ ခုနှစ်ဟုတ်လား” နာရူတို ခေါင်းကုတ်ပြီး မေးလိုက်သည်။
“ဟုတ်တယ် ၂၀၀၇ ခုနှစ်ကနေ ပြန်လာခေါ်တာ ... ကျွန်တော်က အချိန်တွေထဲမှာ ခရီးသွားလို့ရတယ်။ ဒါတွေကို နောက်မှပြောပြမယ်။ ခုကျွန်တော်နဲ့ ကျေးဇူးပြုပြီးလိုက်ခဲ့ပါ့လား”
“မလိုက်နိုင်ပါဘူး ဘာတွေတုန်း ... ကျုပ်ရွာမှာ ကျုပ်မရှိလို့မဖြစ်ဘူး ပြီးတော့ ကျုပ်ဇနီး ဟီနာတာမှာလည်း ကိုယ်ဝန်ရှိနေပြီ. ခင်ဗျားကိုလည်း ကျုပ်မယုံဘူး”
နာရူတိုက ယတိပြတ်ပြောလိုက်သည်။ ဟုတ်တယ်လေ၊ အချိန်ထဲမှာ ခရီးသွားတယ်တဲ့။ မဖြစ်နိုင်လိုက်တာ။
“ဒါဆို ခင်ဗျားကို ကျွန်တော်လက်တွေ့ပြနိုင်ရင် ကျွန်တော်နဲ့ လိုက်လာဖို့ သဘောတူမလား” ပီတာက မေးလိုက်သည်။
“ကောင်းပြီလေ၊ ကျုပ်ကို အတိတ်ကို ပြန်ခေါ်သွားလို့ ရမှာလားပြော”
“ခင်ဗျား ဘယ်အချိန်ကို ပြန်ရောက်ချင်လည်း”
“ဆာကူရာနဲ့ ပြန်တွေ့ချင်တယ်၊ လွန်ခဲ့တဲ့ ၁၀ နှစ်ကို ပြန်သွားပေး”
ပီတာက နာရူတို၏လက်ကို ကိုင်လိုက်သည်။ ပြီးတော့ မျက်စိမှိတ်ကာ အာရုံပြုလိုက်သည်။ လွန်ခဲ့သော ၁၀ နှစ် ..... နာရူတို၏ ဘ၀။ ဆာကူရာကို နာရူတို ဘာလို့တွေ့ချင်တာပါလိမ့်။ အမှန်တော့ ဆာကူရာဆိုသော မိန်းခလေးမှာ သူကြီးနာရူတို တစ်ဖတ်သက်ချစ်ခဲ့ရသော ငယ်ချစ်ဖြစ်သည်။ ခုချိန်မှာ သူမ မရှိတော့ပါ။ ဟုတ်ပါသည်။ ဆာကူရာ သေဆုံးသွားခဲ့ရသည်မှာ တိတိကျကျပြောရလျှင် ၁၀နှစ်ရှိသွားပြီဖြစ်သည်။ နက်ဂျာသမိုင်းတွင် အကြီးကျယ်ဆုံးတိုက်ပွဲဖြစ်သည့် အာကာဆူကီ ဂိုဏ်းကို နှိမ်နင်းသည့်တိုက်ပွဲတွင် သူမအသက်ကို စတေးသွားခဲ့လေသည်။ ထို့ကြောင့် သူကြီးနာရူတို လွန်ခဲ့သော ၁၀ နှစ်ကို ပြန်လည်သွားချင်စိတ် ပြင်းပြနေခြင်းဖြစ်သည်။ ပီတာ မျက်မှောင်ကြီးကုတ်ပြီး အာရုံပြုနေသည်။ မျက်လုံးပြန်ဖွင့်လိုက်တော့ သူတို့ရှေ့ရှိမြင်ကွင်းကြီးပြောင်းလဲနေတာကို တွေ့ရှိရလေသည်။

ရုတ်တရက် မျက်စိရှေ့မှာ မြင်လိုက်ရသော မြင်ကွင်းကြောင့် နာရူတိုခမျာ ကြက်သေသေသွားလေသည်။ လွန်ခဲ့သော ၁၀နှစ်က ဖြစ်ပွားခဲ့သည့် နင်ဂျာစစ်ပွဲကြီး မျက်စိရှေ့မှာ ပြန်တွေ့နေရသည်။ နင်ဂျာသမိုင်းတွင် အပြင်းထန်ဆုံး၊ လူသေပျောက်မှူအများဆုံးစစ်ပွဲကြီး။ တနည်းအားဖြင့်ဆိုသော် အာကာဆူကီဂိုဏ်းနှင့် နင်ဂျာရွာ ၅ရွာပေါင်းထားသော မဟာမိတ်တပ်ဖွဲ့ကြီးတို့ ရင်ဆိုင်ထိတွေ့နေသော နေရာနှင့်အချိန်ဖြစ်သည်။
မာန်သွင်းအော်ဟစ်သံတွေ၊ အော်ဟစ် ညည်းညူသံတွေနှင့် စစ်မြေပြင်တစ်ခုလုံး ပွက်လော ရိုက်နေလေသည်။ ကိန် ... ဟိုမှာ ငါပါ့လား .... ဆာဆူကီနဲ့ တိုက်နေတာ။ ပြီးတော့ အိုရိုချီမာရူကို တိုက်နေတဲ့ သဲနင်ဂျာကျေးရွာက ဂါအာရာနဲ့ ဆာကူရာ။ တစ်ကယ့်ကို အချိန်တွေ နောက်ကိုပြန်ဆုတ်သွားပြီ။ နာရူတို ပီတာကို အံသြသောအကြည့်နှင့် လှမ်းကြည့်လိုက်မိသည်။ ပီတာက မထူးဆန်းသလိုနှင့် ပုခုံးတွန့်ပြသည်။
“ယုံပြီလား ... နာရူတို”
“အင်း ... ယုံပါပြီ။ ဒါပေမဲ့ တစ်ခုတော့ မေးချင်တယ်” နာရူတိုက ဆာကူရာရှိရာသို့ တစ်ချက်လှမ်းကြည့်ရင်း ပြောလိုက်သည်။
“ဆာကူရာကို ကယ်လို့ရမလား”
ပီတာ ခေါင်းကို ဖြည်းဖြည်းချင်း ခါပြလိုက်သည်။
“ကံကြမ္မာနဲ့ ဘုရားသခင်ကို ပြန်ပြီးမလှည့်စားရဘူး နာရူတို ... သူ့ကံရှိသလောက်ဘဲ အသက်ရှင်ပါစေ”
ပီတာက ပြောရင်း နာရူတိုလက်ကို ဆွဲပြီး ယခင်နေရာသို့ ပြန်ခေါ်သွားလိုက်လေသည်။
နာရူတို၏ မျက်လုံးထဲတွင် ဆွေးမြေ့ကြေကွဲပုံ အထင်းသားပေါ်ပေါက်နေ၏။ ထိုတိုက်ပွဲတွင် သူချစ်ခင်ရင်းနှီးခဲ့ရသော သူ၏သူငယ်ချင်းများစွာ အသက်ဆုံးရုံးခဲ့သည် မဟုတ်ပါလား။ အံတစ်ချက်ကြိတ်ပြီး ပီတာဘက်ကိုလှည့်ကာ ....
“ဟီနာတာကို သွားနှုတ်ဆက်လိုက်အုံးမယ် ... ပြီးတော့ ကျုပ်မရှိတုန်း ရွာကို တာဝန်ယူဖို့ ကျုပ်သူငယ်ချင်း နာကာမူရာကို သွားပြောရအုံးမယ် ... နောက်ခဏနေမှ ဒီမှာ ပြန်ဆုံကြတာပေါ့”
“ကောင်းပါပြီ နာရူတို” ပီတာက ၀မ်းသာအားရပြန်ဖြေလိုက်သည်။
ရွာရှိရာသို့ လှမ်းလျှောက်သွားသော နာရူတိုကို ကြည့်ရင်း ပီတာ တစ်ယောက် အတွေးတွေ နယ်ကျွံနေမိသည်။
လူဆိုးကြီး “ဒီမွန်” ကိုနိုင်ဖို့ နည်းလမ်းအား အိုင်းဇက် ဆီကရသော ပါဝါဖြင့် အနာဂါတ်ကို ပန်းချီရေးဆွဲ ကြည့်ရာမှ နင်ဂျာသူရဲကောင်း နာရူတို၏ အကူအညီလိုကြောင်းတွေ့ရှိရသဖြင့် သူလာရောက်ခဲ့ရခြင်း ဖြစ်သည်။ အချိန်ကား လူဆိုးကြီး ဒီမွန်၏ ဆိုးသွမ်းမှူများကို ကမ္ဘာကြီးတစ်ခုလုံးက ထိန့်လန့်နေရသော အချိန်ဖြစ်သည်။ ဒီမွန်သည် ကမ္ဘာကြီးတစ်ခုလုံးကို အုပ်စိုးရန်အစီအစဉ်ဖြင့် လွန်ခဲ့သော နှစ်၂၀ခန့်ကတည်းက ကြိုတင်စီစဉ်ခဲ့လေသည်။ သူ၏သွေးကို မွေးကင်းစကလေးများအား လိုက်လံတိုက်ကျွေးပြီး ကလေးတစ်ဦးချင်းစီအား တစ်ဦးချင်းကိုယ်ပိုင်ပါဝါများ ရရှိစေရန် ကြိုးစားခဲ့သည်။ အဆိုပါကလေးများကို ဒီမွန်က သေချာစွာ စီစစ်ပြီး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ဒီမွန်သည် လူသားများထဲတွင် ရောနေနိုင်သော မကောင်းဆိုးဝါးတပ်မတော်ကြီး ဖွဲ့စည်းရန် အချိန်ယူ စီစဉ်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင်ကား ဒီမွန်၏ ရည်ရွယ်ချက်များ အတော်ပင်ခရီးပေါက်နေပြီဟု ဆိုနိုင်နေပြီ ဖြစ်သည်။
နေရာတိုင်းတွင် ဒီမွန်၏တပ်ဖွဲ့များက လိုက်လံဒုက္ခပေးလျှက်ရှိသည်။ လူသားများထဲတွင် ရောနေသဖြင့် ဘယ်လိုမှ ခွဲမထုပ်နိုင်။ ဒီမွန်၏ညာလက်ရုံး ဆမ်ဝင်ချက်စတာသည် အစ်ကိုဖြစ်သူ ဒီးန်ဝင်ချက်စတာကို သတ်ကာ ကမ္ဘာတောင်ဘက်ခြမ်းကို စိုးမိုးထားသည်။ သန်းပေါင်းများစွာသော လူများသည် ဒီမွန်၏တပ်ဖွဲ့ကြောင့် များစွာ သေဆုံးလျှက်ရှိနေသည်။ ထိုအဖြစ်မှ ကယ်တင်ရန် တစ်ခုသောနည်းလမ်းမှာ နင်ဂျာသူရဲကောင်း နာရူတိုအား အနာဂါတ်သို့ ပြန်လည်ခေါ်ဆောင်ရန် ဖြစ်လေသည်။


Click here to Read More..

Destiney's Hangover

ကိုယ့်ကံကြမ္မာအကြောင်းကိုယ်စဉ်းစားရင်းနဲ့ တွေးမိတယ်။ ကိုယ့်အသက်ကိုယ် သတ်သေခြင်းဆိုတဲ့အကြောင်းပေါ့ .... လူတိုင်းစိတ်ညစ်ဖူးကြတယ်။ အဲ့ဒီအထဲမှာမှ သေချင်စိတ်ပေါက်လောက်အောင် ... ကိုယ်ရှင်သန်နေတဲ့ ပတ်ဝန်းကျင်ကနေ ချက်ချင်းကွယ်ပျောက်သွားချင်စိတ်ပေါက်လောက်အောင် ... ရှိသမျှ ရင်ဆိုင်နေရတဲ့ အသိုင်းအ၀ိုင်းကြီးတစ်ခုလုံးကို ကျောခိုင်းသွားချင်စိတ်ပေါ်လာလောက်အောင် ... စိတ်ညစ်ရတဲ့ အခါမျိုး ကြုံရတဲ့ အခါတော့ ရှားမယ်ထင်ပါတယ်။ “အံဝင်ခွင်ကျခြင်း” ဆိုတဲ့စကားကို ဒီနေရာမှာ သုံးခြင်တယ်။ လူတွေ ကိုယ့်နေရာနဲ့ကိုယ် အံဝင်ခွင်ကျဖို့လိုတယ်။ အံလည်းမ၀င် ခွင်လည်းမကျဆိုရင် အဲဒီလူဟာ ကျရုံးခြင်းလမ်းမပေါ် စတင်ရောက်ရှိသွားတာဖြစ်ပါတယ်။ အဲဒီအထဲမှာမှ ကိုယ်တာဝန်ယူထားတဲ့ ပမာဏကြီးရင်ကြီးသလောက် ထိခိုက်ရတာပေါ့။ The Lost ရုပ်မြင်ဇတ်လမ်းတွဲထဲမှာ ပါတဲ့ ဇတ်ကွက်တစ်ကွက်ကို သတိရမိတယ်။ “ဂျက်”ဆိုတဲ့ ဆရာဝန်တစ်ယောက် လေယာဉ်ပျက်ကျလို့တော့ မသေဘဲနဲ့ ကုန်းပေါ်ရောက်တော့မှ သတ်သေဖို့အထိ စိတ်ညစ်စရာတွေ ဖြစ်လာတယ် .... အဲဒါနဲ့ သူ တစ်ညမှာ တံတားဘောင်ပေါ်တက်ပြီး ခုန်ချမယ်လို့ တက်ပြီးမတ်တပ်လဲ ရပ်လိုက်ရော မမျှော်လင့်တာတွေ စဖြစ်လာတော့တာဘဲ။သူသတ်သေဖို့ ကြိုးစားနေတာကို မြင်သွားတဲ့ လမ်းပေါ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးတစ်ယောက်က ကြက်သေသေသွားပြီး ကားကို ဘရိတ်ထိုးအုပ်လိုက်တယ်။ အဲတော့ နောက်ကပါလာတဲ့ ကားက ၀င်တိုက်ရောဆိုပါတော့ .... အဲဒီအမျိုးသမီး သွေးသံရဲရဲဖြစ်သွားတာကို မြင်သွားတဲ့ ဂျက်လည်း မသတ်သေဖြစ်တော့ဘဲ အဲဒီအမျိုးသမီးကို ရှေးဦးသူနာပြုနည်းနဲ့ ပြုစု ... ဆေးရုံကို အမြန်ဆုံးပို့လိုက်ရော ... ဖြစ်ချင်တော့ အဲဒါကို သတင်းထောက်တစ်ယောက်က မှတ်တမ်းတင်ထားလိုက်နိုင်တယ်။ ဂျက်အသက်ကယ်နေတာကိုဘဲ သူကတွေ့တယ်လေ။ နောက်ဆုံးတော့ ကိုယ့်အသက်သတ်သေဖို့ ကြိုးစားနေတဲ့ ဂျက်ဟာ တစ်နိုင်ငံလုံးသိသွားတဲ့ သူရဲကောင်းကြီးဖြစ်သွားပါလေရော ... ဒီလိုကံကြမ္မာမျိုးကို တွေ့ရတော့ ကျွန်တော်စဉ်းစားမိပါတယ် ... ဒါဖောက်ပြန်ရေးဘဲ ... ကံတရားက စည်းမရှိကမ်းမရှိကို ဖြစ်ချင်ရာ ဖြစ်ပေးနေတာ ... ဘယ်လိုဖာထေးပြုပြင်ရမလဲ။ ဘယ်လိုရှေ့ဆက်မလဲ ....
ရှောင်ပြေးရင်ကောင်းမလား ... ရင်ဆိုင်ရင်ကောင်းမလား ... တစ်နေ့ကျွန်တော် အဲဒီလိုဘ၀မျိုး ကြုံလာမှာကို သိပ်ကြောက်မိတယ်။ နေတတ်ရင်ကျေနပ်တယ် .. အရှုပ်ထဲမှာ ရှင်းအောင်နေ ... အင်း ... နေတတ်ဖို့လည်း ကြိုးစားပါတယ်.. အသေတတ်ဖို့လည်း ကြိုးစားပါတယ်။ ကိုယ့်ကံကြမ္မာကို ပဲ့ကိုင်ဖို့ တတ်မနဲ့ လမ်းညွှန်မြေပုံလေး ရရင်ဖြင့်မဆိုးရှာဘူး ...

Click here to Read More..

Morning Screams!

ပင်ပန်းကြီးစွာနှင့် မနက်အိပ်ရာကို သူ ကုန်းရုန်းပြီး ထသည်။ ၇ နာရီထိုးပြီပဲ။ ဖုန်းကို မမှီမကန်းနှင့်လိုက်စမ်းသည်။ မိပြီ။ ခလုတ်တစ်ခုကို ရမ်းပြီးနှိပ်လိုက်တော့ နှိုးစက်သံပိတ်သွားသည်။ အိပ်ချင်လိုက်တာ ... မျက်လုံးကို မဖွင့်နိုင်ဘူး။ နည်းနည်းတော့ ပြန်မှေးအုံးမှ။ အချိန်လဲနည်းနည်းစောပါသေးတယ်။ ၁၅ မိနစ်လောက် ပြန်နှပ်ရုံနဲ့ ဘာမှမဖြစ်ပါဘူး။ ခဏကြာတော့ ဇတ်ကနဲ့ သူလှန့်နိုးလာသည်။ ဖုန်းကိုလှမ်းကြည့်တော့ ၇နာရီ ၂၀မိနစ်။ ဟားကွာ ... အိပ်ရေးကိုမ၀ဘူး။ ဘာလုပ်ရင်ကောင်းမလဲ။ ကျောင်းမသွားချင်ဘူး။ ကိုယ့်ဟာကို ပေးလို့ရတဲ့ ဆင်ခြေကို အလူးအလဲ ရှာကြည့်မိလိုက်သည်။ မတွေ့။ အကုန်လုံး Clear Pass. မရဘူးကွာ။ ရှာစမ်း။ ကိုယ့်ဟာကို ပေးလို့မရရင် ဆရာမကို ပေးလို့ရတဲ့ဆင်ခြေရှာကြည့်။ နေမကောင်းဘူးလို့ပြောမလား ... မရဘူး ... မကြာသေးခင်ကမှ ပြောထားတာ .. ဒီဆင်ခြေလည်း အလုပ်ဖြစ်မှာ မဟုတ်ဘူး။ စဉ်းစား၊ စဉ်းစား .... လာတော့လာတယ်ဆရာမ၊ လမ်းမှာ ဘတ်စ်ကားလမ်းပိတ်သွားလို့ ... ဆရာမ ဒီနေ့ အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ ဆုံစရာရှိလို့ .... ဆရာမ ကျွန်တော့ကို သံရုံးကခေါ်ထားတယ် ... ဆရာမ ဒီနေ့ အိမ်ကမိဘတွေ အွန်လိုင်းလာမယ် .... ဆရာမ ဒီနေ့ ဟိုဟာ ... ဒီဟာ ......... မရဘူး .... ဒါတွေလည်း အကုန်ပြောခဲ့ပြီးသွားပြီ။ ဘာလုပ်ရင်ကောင်းမလဲ ....ငိုချင်သွားသည်။ ထရတော့မှာပေါ့ ... ၀မ်းနည်းခြင်းကြီးစွာနှင့် သူကြိုးစားပြီးထလိုက်ရသည်။ အိပ်ရာပေါ်မှာ ငူငူကြီးထိုင်နေလိုက်သေးသည်။ ပြီးမှ ရေချိုးခန်းကို သွား .. သွားတိုက် ... အဲဒီအထိ မျက်လုံးကို ဖွင့်တယ်ဆိုရုံလေးဘဲ ဖွင့်ထားသည်။ ဒီ ... ဒီ .... ဒီ .... တံခါးမှ alarm သံထွက်လာတော့ ထုံးစံအတိုင်း တံခါးဖွင့်၊ သူငယ်ချင်းကို မလိုက်နိုင်သေး၊နောက်ကျအုံးမယ်ဆိုတဲ့အကြောင်းပြောလိုက်သည်။ ဒီနေလည်း အယင်ကလိုဘဲ မနက်စာငတ်ပါပြီ။ လွယ်အိပ်ထဲကို မုန့်တွေထည့်လိုက်သည်။ အပြင်မှာ ၀ယ်မစားနိုင်။ ဈေးကြီးသည်။ ထို့အတွက် ညနေ ၃နာရီအထိ ဗိုက်ဆာခံဖို့ ဘီစကစ် သို့မဟုတ် ချောကလက် တစ်ခုခု ထည့်သွားရသည်။ အေးလိုက်မဲ့ဖြစ်ခြင်း အပြင်မှာ။ -၂၀ လောက်ကတော့ အသာလေးဘဲ။ လမ်းပေါ်ကို သုတ်သုတ်လေး ပြေးထွက်လာခဲ့သည်။ သြော် ကိုယ်ကသာ အပျင်းတွေကြီးနေလိုက်တာ။ လမ်းပေါ်မှာတော့ လူတွေ ဥဒဟိုတောင်သွားနေကြပြီ။ ရှက်တော့ရှက်သား။ အယ် ... ဘယ်တတ်နိုင်မှာတုန်း ... ပျင်းတယ်ဆိုတာလည်း အမေမွေးထဲကပါလာတာဘဲလေ။ ခွာချဘို့ အင်မတန်ခက်တာ။ သို့ကလို စဉ်းစားမှ။ နို့မို့ဆို ကိုယ့်ကိုကိုယ် ထပ်အပြစ်တင်နေမိအုံးမယ်။ ခုလောလောဆယ် ကားချိန်ကိုက်ရဘို့လို၏။ စဉ်းစားတုန်းရှိသေး။ ကားဂိတ်ကို ဘတ်စ်ကားတစ်စီး ထိုးဆိုက်လာလို့ အပြေးအလွှားလိုက်ရပြန်သည်။ ကားပေါ်ရောက်တော့ မျက်လုံးကကျယ်သွားပြီလေ။ မကျယ်လဲခံနိုင်ရိုးလား ... ဒီလောက်အေးတဲ့ရာသီဥတုနဲ့ ဒီလိုပြေးလွှားနေရတာ။ ဒီနေ့စောစောပြန်ရရင်ကောင်းမှာ။ ဘီစကစ်လေးထုပ်ကိုက်ရင်းနဲ့ သူကားပေါ်မှာ ငေးငေးလေး ပါသွားပါတော့သည်။ ကျောင်းသွားဖို့အစီအစဉ် အောင်မြင်ပြီကွ။ သူငယ်ချင်းတွေကို အားကျမိသည်။ သူတို့များ မညီးမငြူ တတ်နေကြတာ .... တစ်ကယ် ချီးကျူးဖို့ကောင်းတယ်။ ဒီနေ့ပြန်လာရင် ညကို စောစောအိပ်မယ်။ စာကြည့်မယ်။ နှစ်နာရီမျှကြာမဲ့ခရီးမို့ သူ့အတွေးတွေကို ဖြန့်ကျက်ပစ်လိုက်သည်။ သြော် ... ဘ၀မဟုတ်တဲ့ ဘ၀ .....

Click here to Read More..

Tuesday, November 20, 2007

Get The Flower's Influnece To Feel Your Heart!

ရာသီတွေ ပန်းတွေအကြောင်းတွေ့လို့ မနက်က ဖတ်မိလိုက်ပါ့တယ်။ ရာသီမသိ ပန်းကိုကြည့် လို့ရပါတယ်လို့ ဆိုတယ်။ ပြီးတော့ မြန်မာနဲ့ ဂရိရဲ့ရာသီခွင်တွေကို ယှဉ်ပြထားပါတယ်။ မြန်မာ ရာသီခွင်နဲ့ ဂရိတွေရဲ့ ရာသီခွင်ဟာ မကွာသလောက်ပါဘဲတဲ့။ ဘာလို့လဲဆိုတော့ အိန္ဒိယကနေ ကူးလာလို့ဖြစ်ပါတယ်။ အပြည့်အစုံကို ဖတ်ချင်ရင်တော့ ဒီမှာ ဖတ်ကြည့်လို့ရပါတယ်။ဒါနဲ့ စကားမစပ် ကျွန်တော်နဲ့ ပန်းတွေအကြောင်း သိချင်မလားမသိဘူး....ဟဲဟဲ။ ကျွန်တော့်လောက် ပန်းတွေအကြောင်းမသိတဲ့သူ ကမ္ဘာပေါ်မှာရှိမယ်မထင်ဘူး။ တစ်ကယ် တစ်ကယ် ပြောတာပါ .... ကျွန်တော်သိတဲပန်းနာမည်တွေကို လက်ချိုးရည်လို့ ရပါတယ်။ ဒါပေမဲ့ ပန်းဆိုတဲ့နာမည်ကိုတော့ အရမ်းကို သဘောကျတယ်။ ကဗျာတွေ၊ စာတွေထဲမှာ ပန်းအကြောင်းဖွဲ့ထားလို့ကတော့ အင်မတန်ခိုက်။ ရုပ်ရှင်ထဲမှာ ပန်းလေး ညှိုးကျသွားတဲ့ အခန်းကို ပြရင်(ဘာလို့ပြလဲဆိုတာတောင်မသိဘူးနော်) သိပ်ဝမ်းနည်းတာ။
ပြီးတော့ ပန်းတွေလှတာကို ကြည့်တဲ့ ကျွန်တော့်အမြင်ကလည်း သူများနဲ့ မတူဘူး။ ဥပမာဗျာ ... သစ်ခွပန်းကို ကျွန်တော်က လှတယ်လို့ကိုမထင်ဘူး။ ကျွန်တော့်မျက်စိထဲမှာ သစ်ခွပန်းနဲ့ စံပယ်ပန်းနဲ့ ဆို စံပယ်ပန်းက ပိုလှတယ်။ မဆီမဆိုင် အဲဒါနဲ့ ဆက်စပ်ပြီး ကျွန်တော် စဉ်းစားမိတာတစ်ခုရှိသေးတယ်။ ငါ ပန်းအလှကို ကြည့်တဲ့ နေရာမှာ သူများနဲ့ လွဲနေပြီဆိုတော့ မိန်းကလေးတွေ လှမလှ ဆုံးဖြတ်တဲ့နေရာမှာရော သူများနဲ့ တူပါ့မလားပေါ့လေ။ အတွေးခေါင်တာပါ။ အမှန်တော့ ဘာဆိုင်တုန်းနော်။ ကိုယ့်မျက်စိထဲ လှဖို့ဘဲလိုတာ သူများလက်ခံဖို့မလိုပါဘူး။ ပြီးတော့ ပြောလေ့ရှိတယ်မော့လား။ ကိုယ်ကြိုက်တဲ့ ကောင်မလေး လှမလှကို သူများဆီကနေ ထောက်ခံချက်တောင်းဖို့ မစဉ်းစားပါနဲ့တဲ့။ မှန်ပါ့ဒါလဲ ....
နေရာဒေသပေါ်မူတည်ပြီး ပန်းရဲ့တန်ဖိုးကလည်း မြင့်တက်လာသေးတယ်။ ဘာလို့လဲ ဆိုတော့ ပန်းကို သဘောမကျတဲ့ သူဆိုတာ လောကမှာ မရှိသလောက်ဘဲမဟုတ်လား။ အဲဒီတော့ ပန်းရှားတဲ့ ဒေသဆိုရင် ပန်းရဲ့ တန်ဖိုးဟာ သိပ်ကို မြင့်တက်နေတာပေါ့။ ဥပမာဗျာ ... မြန်မာပြည်မှာ ကောင်မလေးတစ်ယောက်ကို ပန်းပေးမယ်ဆိုပါတော့။ အဲဒီကောင်မလေးအတွက် အရမ်းကြီးတော့ ထူးထူးခြားခြား မဖြစ်ဘူး။ ဒါပေမဲ့ ဒီမှာ ဆိုရင်တော့် ပန်းပေးနိုင်တဲ့သူက တစ်ကယ့်ကို ထူးထူးခြားခြား တုံ့ပြန်ခံရတယ်။ ရှားတယ်လေ။ နောက်ပြီးတော့် မြန်မာပြည်မှာ ကန်တော့်ရင် အုန်းပွဲငှက်ပျောပွဲ ပါသလိုဘဲ သူတို့ဆီမှာ ကန်တော့်ရင် ပန်းခြင်းနဲ့ ကိတ်မုန့် အမြဲပါလေ့ရှိတယ်။
နောက်တစ်ခုက မွှေးတဲပန်းနဲ့ လှတဲ့ပန်း။ ဘယ်ဟာပိုကြိုက်လဲ မေးရင် ဖြေတတ်ဘူးရယ်။ ဒါပေမဲ့ သေချာတာကတော့ ပြင်ဦးလွင်ကပန်းတွေ လှဘဲလှတယ်။ မမွှေးဘူး။ သဘောတော့ကျပါတယ်။ ဒါပေမဲ့ ခရေပန်းမွှေးရတာကိုတော့ ပိုခုံမင်မိပါတယ်။
ချစ်သူနဲ့ပန်းနဲ့ဆိုရင်တော့ ...... ဘယ်ပန်းပြိုင်လို့သာပါနိုင် ပေါ့။ ချစ်သူခေါင်းပေါ်မှာ ပန်းတစ်ပွင့်ရောက်ပြီဆိုရင်တော့ .. ဘယ်သူပြိုင်လို့ လှပါတော့နိုင် ..ပေါ့။ မြင်သာမြင် မကြင်လိုက်ရတဲ့ ကောင်မလေးဆိုရင်တော့ “ပန်းကလေးလို လှတာကိုပဲ ကြည့်ချင်ပါသည်။ ပန်းကလေးလို ညှိုးမှာကိုလည်း စိုးရိမ်မိသည်” ပေါ့။ ကိုယ့်အမြတ်တနိုးတန်ဖိုးထားတဲ့ ကောင်မလေး ပျင်စီးသွားခဲ့ရင်တော့ “ပိုးကိုက်သောပန်း ဥယာဉ်မှူးရဲ့ အလွမ်း”ပေါ့။ အဖိုးတန်ကောင်မလေး ကာမတဏှာတွေကြောင့် လမ်းမှားရောက်နေရင်တော့ “နွံထဲကကြာ”ပေါ့။ ဒီလောကကြီးမှာ ပန်းသာမပွင့်ခဲ့ရင် စါရေးဆရာတွေ ဖွဲ့နွဲ့စရာ တော်တော်ပါးရှားသွားမှာ အမှန်ဘဲ။ တစ်နေ့ ဦးသုံးကြိမ်ချရမဲ့အထဲမှာ အဲဒီပန်းတွေပါတယ်လို့ မထင်မိဘူးလား။ ဟီး။
ကျွန်တော် ပန်းတွေကို သိပ်ချစ်ပါတယ်။ ဒါပေမဲ့ ယုယုယယ ထားရမှာကို ပျင်းတယ်။ အဲဒါနဲ့ပဲ ကျွန်တော့် နဘေးမှာ ဘယ်ပန်းမှ ကောင်းကောင်းပွင့်မလာခဲ့ဘူး။ ဒါပေမဲ့ ခုတော့ ကျွန်တော့ ရင်ထဲမှာ အလှဆုံးပန်းတစ်ပွင့် ပွင့်နေပါပြီ။ ကျွန်တော့ နှလုံးသွေးနဲ့ အသက်ရှင်နေတဲ့ အဲဒီပန်းလေး ရွှင်လန်းနေရင် ကျွန်တော့တစ်ကိုယ်လုံးလဲ လန်းလို့ ... သူငြိုးငယ်နေရင်တော့ ကျွန်တော့ရင်ထဲမှာလည်း နာနေရတယ်။
ထွေရာလေးပါး .. ငါးပါး ...ခြောက်ပါး .... မကတော့ဘူး။ တော်တော်များသွားပြီ။ တော်ပြီဗျာ။ ကျွန်တော့ ပန်းလေးကိုဘဲ ဆက်လွမ်းလိုက်အုံးမယ်။

Click here to Read More..

Miserable Heart!

လွမ်းတယ်ဆိုတဲ့အကြောင်းကို ပြောချင်စိတ်ပေါက်လာလို့ ပြောလိုက်အုံးမယ်ဗျာ။ကျွန်တော် အများကြီးလွမ်းနေတယ်။ အလွမ်းတွေ မက်မက်စက်စက်ကို ရနေတယ်။ နေလို့ထိုင်လို့မကောင်းဘူး။ ခြေထောက်တွေ မိုးပေါ်ကို ထောင်ပြီးတော့ ပါးစပ်က အော်ချင်ရာအော်ပစ်နေတာ။ ငိုချင်သလိုလို ရီချင်သလိုလိုနဲ့ ..... ကောင်မလေးကတော့ ပြောတယ်။ သူမရှိရင် အနားရပြီပေါ့တဲ့ . သူ့ကို ကျွန်တော့်ရင်ထဲက အသံတွေကို ကြားစေချင်လိုက်တာ။ သူမရှိတဲ့ နောက်ပိုင်း ကျွန်တော့်အချိန်စရင်းမှာ နောက်သို့ရွေ့သည်တွေ ပိုပိုများများလာတယ်ဆိုတာ။ ဘာမှကို လုပ်ချင်စိတ်မရှိဘူး .....ဆိုးတယ်။ တော်တော်လေးဆိုးပါတယ်။ သူပြောတဲ့စကားကို နားထောင်ချင်တာပေါ့. ကျောင်းသွားပါ။ စာကြိုးစားပါ။ ကောင်းကောင်းစားပါ။ ကောင်းကောင်းအိပ်ပါ။ ကျွန်တော်သူ့ကိုလွမ်းနေရလို့ကို ဘာမှမလုပ်ဖြစ်ဘူး။ ကောင်းဘူးနော်။ ဘာပြောရမှန်းကို မသိပါဘူးဗျာ။ ကဗျာနဲ့ကိုမလုံလောက်ဘူး ကျွန်တော့်အလွမ်းကိုဖြေဖို့။ ဘယ်စာရေးဆရာမှ ကျွန်တော့်ရင်ထဲက ခံစားချက်တွေကို ဆွဲထုပ်ပြီး ရေးတတ်မှာမဟုတ်ဘူ။ ဘာလို့လဲဆိုတော့ လွမ်းတယ်ဆိုတာ နေရာဒေသ၊ အချိန်၊ ခွဲခွာမှူပုံစံ၊ ချစ်တတ်တဲ့ အလေ့အကျင့်၊ ပြောနေကျစကား၊ နှုတ်ဆက်တဲ့စတိုင်၊ အများကြီးပါဘဲ။ ဘယ်လိုမှ တူညီမရှိနိုင်တဲ့ အမှတ်တရတွေနဲ့မဟုတ်လား။ ကိုယ့်အလွမ်းကို ကိုယ်ဘဲသိတယ်။ တိုက်ဆိုင်မှူဆိုတာ သူ့ဟာနဲ့သူကို အလည် ရောက်ရောက်လာတတ်တာ။
ကျွန်တော့်အသံကို သူ့ဆီပို့ဖို့ ဒီနေ့ ကြိုးစားကြည့်သေးတယ်။ ဒါပေမဲ့ လမ်းမှာ ထွက်ကျသွားတာက တစ်လိုင်း၊ အဘမ်းခံလိုက်ရတာက တစ်ပိုင်း၊ မအောင်မြင်ဘူးဖြစ်သွားတယ်။ ပိုဆိုးသွားပြီ။ မျှော်လင့်ချက် နပဲငဆနဲ့ အလွမ်းဖြေပါမယ်ဆိုမှာ ပိုပြီး အခြေအနေတွေ ပျက်ယွင်းသွားတယ်။ တစ်နေ့တစ်နေ့ သူ့အကြောင်းစဉ်းစားရတာ မောတယ်ကိုမရှိဘူး။ စွဲလမ်းမူပြသာနာဆိုပါတော့။ မျက်စိနှစ်လုံးက သူ့မျက်နှာကို မြင်ယောင်ဖို့၊ နားနှစ်ဖက်က သူ့အသံကို ကြားယောင်ဖို့။ နှလုံးသားလေးလည်း အနားကိုမရရှာဘူး။ နိဂုံးချုပ်လိုက်တော့ ကျွန်တော်သူ့ကို သိပ်ချစ်နေပါပြီ။

Click here to Read More..

Monday, November 19, 2007

Blogger --------> Writers

ကျွန်တော်ဒီနေ့ တစ်ခုစဉ်းစားမိတယ်။ ဘလော့ခ်တွေပေါ်လာတော့ လူငယ်တွေ လူကြီးတွေ ကိုယ်ရေးချင်တာကို ချရေးနိုင်လာကြတယ်။ ဘယ်သူဖတ်ဖတ် မဖတ်ဖတ် ကိုယ်ရေးချင်တာကို ရေးနေယုံဘဲ။ ကိုယ်မြင်သလို သူများမမြင်မှာလည်း မပူရဘူး။ ပက်ပက်စက်စက် ဘယ်သူမှလည်း ထိုင်ပြီးဝေဖန်မနေဘူး။ သဘောကတော့ လွတ်လပ်တယ်ပေါ့။ ပြီးတော့ စာတိုပေစ ရေးချင်တဲ့သူတွေအတွက် ရေးစမ်းပါလေ ... ပေါလိုက်တဲ့ စာမျက်နှာတွေ ။ သြော် ... အဆင်ပြေလိုက်တာ။ ရှေုးတုန်းက မြန်မာစာရေးဆရာကြီးတွေများ လက်ရေးနဲ့ ကိုယ်တိုင်ရေးပြီး လေ့ကျင့်ခဲ့ရတာ။ ဘယ်လောက်များပင်ပန်းလိုက်ပါမလဲ ကိုယ်ချင်းစာမိပါတယ်။ နည်းနည်းလေး အောင်မြင်လာပြီး ပိုက်ဆံလေးပိုတဲ့သူကတော့ လက်နှိတ်စက်လေးနဲ့ပေါ့။ တောတွေကိုသွားပြီး အေးအေးဆေးဆေး စာရေးချင်ရင် အဲဒီလက်နှိတ်စက်ကိုသယ်ရတယ်။ ဘာသာပြန်စာရေးဆရာတွေဆို အဘိဓါန်အများကြီးကလည်းပါသေး။ ဒီ့ထက်ပိုဆိုးမှာက ဟိုးရှေးရှေုးတုန်းကပေါ့ ။ ကညစ်နဲ့ ရေးရတဲ့ကာလ။ သူတို့များ ဒီခောတ် ရောက်လာလို့ မြင်ရင် မြန်မာပြည်မှာ စါရေးဆရာတွေ အများကြီးဖြစ်နေသင့်ပြီလို့ ပြောမှာဘဲ။ဝီရိယ စိုက်ထုပ်စရာ သိပ်မှမလိုတော့ဘဲ။ ကွန်ပြူတာ သုံးနိုင်တဲ့သူနည်းသေးတာကတော့ မှန်ပါတယ်။ ဒါပေမဲ့ ဆိုလိုတာက အယင်ကထက် ပိုပြီးထွန်းကားလာသင့်ပြီလို့ပြောတာပါ။ ထွန်းကားလာမယ်လို့လဲလည်း ထင်ပါတယ်။ ရသစာပေတွေ များများတောင့်တမိတယ်။ လူငယ်လေးတွေ ရေးတော့ ရေးကြပါတယ်။ ဒါပေမဲ့ ကဗျာကနေ တက်မလာဘူး။ ကလောင်သစ်တစ်လက် ရဲ့ လက်ရာကောင်းကောင်းလေး ဖတ်ဖို့ကို နှစ်နဲ့ချီပြီးစောင့်ရတယ်။ ကျွန်တော် သိပ်ကို ဖြစ်စေချင်တာတစ်ခုက လတိုင်း လတိုင်းမှာ ကလောင်သစ်တွေ အများကြီး အများကြီးကို ထွက်နေစေချင်တာ။ မြသန်းတင့်လို၊ မစန္ဒာလို၊ ဂျူးလို ရသပိုင်းမှာ အများကြီးပိုင်တဲ့ စာရေးဆရာမျိုး အများကြီးကို မြန်မြန်ပေါ်ပါစေလို့ ဆုတောင်းမိတယ်။ နှစ်တွေအကြာကြီးနေမှ တစ်ယောက်လောက်ပေါ်လာတာမျိုး မဖြစ်စေချင်ဘူး။ ကိုယ်တိုင်ရေး ရသစာအုပ်ကောင်းကောင်းတွေကို အမြန်ဆုံးဖတ်ချင်ပါပြီ။ အယင်တုန်းကဆို ကိုယ်ရေးတာလေးကို ပုံနှိပ်ပြီးတာ မြင်ရအောင် သေလုအောင်ကြီုးစားရတာမဟုတ်လား။ ခုဆို ပုံနှိပ်တာထက်တောင်ကောင်းသေး။ အယ်ဒီတာမရှိ။ ဆင်ဆာမရှိ။ တစ်ကမ္ဘာလုံး ကို ဖြန့်ချီရေးလုပ်နေလို့ရတယ်။ အဲဒီတော့ စာရေးရတာ ၀ါသနာပါသူအပေါင်းတို့ ဘလော့ဂါကြီးတွေ ဖြစ်အောင်လုပ်ပြီး စာတွေသာများများရေးကြဗျာ။ လိုက်ပြီးကို အားပေးနေမှာ။

Click here to Read More..

Music!

ဘာရယ်မဟုတ်ပါဘူး၊ ကျွန်တော်ကြိုက်မိတဲ့ သီချင်းအဆိုတော်တွေနဲ့ သီချင်းတွေကို ရေးချင်လာတာနဲ့ ရေးချလိုက်တာ။ ပြောရမယ်ဆိုရင်တော့ ကျွန်တော်ငယ်ငယ်က တွံတန်းသိန်းတန်၊ ဟင်္သတထွန်းရင်တို့နဲ့ ကြီးပြင်းလာခဲ့တယ်ဆိုရင်မမှားပါဘူး။ အမေနဲ့အဖေက သိပ်ကြိုက်တာလေ။ သူတို့ဖွင်တဲ့ သီချင်းမှန်သမျှ ကျွန်တော် နားထောင်ဖြစ်ပါတယ်။ နောက် စတီရီယိုခောတ်ရောက်တော့ စိုင်းထီးဆိုင်တို့ မေဆွိတို့ပေါ့၊ ရပ်ကွက်ထဲက ကာလသားတွေဆီသွားရင်တော့ ဇော်ဝင်းထွဋ် ကြားနေရပါပြီ။ ပြောရမယ်ဆိုရင်တော့ အကုန်နားထောင်လို့ရပါတယ်။ ဘာမှ ထွေထွေထူးထူး မစဉ်းစားဘူး။ သီချင်းဆိုအကုန်နားထောင်လိုက်တာဘဲ။ နည်းနည်းလေး အသက်ကြီးလာတော့ ရွေးချယ်စရာတွေ အများကြီးရှိမှန်းသိလာတဲ့ အချိန်မှာ စပြီး ဂျီးများတတ်လာတယ်။ ကျွန်တော် ၄တန်းကစပြီး ရောခ့်ဂီတကိုတော့ နည်းနည်းပိုပြီး သဘောကျခဲ့ပါတယ်။ အက်ကွဲရှတ ဇော်ဝင်းထွဋ်နဲ့ နှာသံပေါက် လေးဖြူတို့ကို ကြိုက်တယ်။ ရင်ဂိုကိုတော့ အဲဒီအထဲကကို သဘောမကျဘူး။ သူ့အသံက အမြဲတစ်ခုခုလိုနေတယ်။ အင်း ... ပြောရင်းနဲ့ ဘေးရောက်ကုန်ပါပြီ။ ပြန်တည့်အုံးမှ။၁၉၈၉ ကျော်ကျော်ကနေ ခု ၂၀၀၇ထိ နားထောင်မိသမျှထဲမှာ အကြိုက်အတွေ့ဆုံး ပြည်တွင်းအဆိုတော်တွေကတော့ အမျိုးသားထဲမှာ လေးဖြူနဲ့ အမျိုးသမီးထဲမှာ တင်ဇာမော် ပါ။ ကျွန်တော်ကြိုက်တဲ့ အဲဒီနှစ်ယောက်တွဲပြီး စုံတွဲတေးဆိုခဲ့ရင် ကျွန်တော် သိပ်ကိုသဘောကျမိမှာဘဲ။ ပြည်ပအဆိုတော်ထဲမှာတော့ အမျိုးသားထဲမှာ Linkin Park နဲ့ အမျိုးသမီးထဲမှာ Evanescence တို့ဖြစ်ပါတယ်။ ဟိုတစ်လောက် ဖိုရမ်တစ်ခုမှာ ဂီတအမျိုးအစားနဲပါတ်သက်ပြီး ငြင်းခုံနေကြတာကို တွေ့လိုက်ရတယ်။ ပျှော်ဖို့တော့ ကောင်းမဲ့ပုံဘဲ။ ကျွန်တော့်အမြင်ကတော့ စိတ်ခံစားချက်နဲ့ လိုက်ဖက်တဲ့ ဂီတဆိုတာ အချိန်မရွေး ပြောင်းလဲနေတတ်တာဘဲ။ ဥပမာ ... ကျွန်တော့်  စိတ်တွေ အေးအေးချမ်းချမ်း ကြည်ကြည်နှူးနှူး ဖြစ်နေရင် စိုးစန္ဒာထွန်းနားထောင်တယ်။ ပေါက်ကွဲခြင်ရင် S.O.T ရှိတယ်၊ Linkin Park ရှိတယ်။ ကောင်မလေးတွေကို တိုင်တယ်ပြီးအော်ဟစ်ခြင်ရင် Hip Hop နားထောင်တယ်။ အသည်းကွဲနေရင် soft pop , country songs တွေ နားထောင်တယ်။ ခုတစ်လောဆို Keith Urban တွေကြီး လှိမ့်နားထောင်နေတာ။ ဘာဖြစ်နေလည်းလို့တော့ မမေးနဲ့နော် .... ဟီး နောက်ပြီး ကိုယ်ပိုင်သံစဉ်နဲ့ ကော်ပီနဲ့ .... အကောင်းဆုံးကတော့ နှစ်ခုလုံး ထွန်းကားတာအကောင်းဆုံး ပေါ့ဗျာ။ ကမ္ဘာပေါ်က ဂီတဂုရုကြီးတွေ ဖန်တီးထားတဲ့ တေးသီချင်းတွေကို မြန်မာမှူပြုပြီး နားထောင်ခွင့်ရတာလည်း ကောင်းတာဘဲဟာကို။ ကိုယ်ပိုင်သံစဉ်ကတော့ ရှေ့ရောက်သင့်တာမှန်ပါတယ်။ သီချင်းရေးဆရာတွေရဲ့ တောက်ပတဲ့ အခန်းကဏ္ဏဘယ်တော့များမှ ရောက်လာမလဲမသိဘူး။ ကျွန်တော့်အထင်တော့ မြန်မာလူမျိုးများဟာ ဂီတတူရိယာနဲ့ ထိတွေ့မူ့နည်းပါးနေသေးလို့ ဖြစ်မယ်ထင်တယ်။ ဥပမာ သူတို့နိုင်ငံတွေမှာက ပီယာနိုတီးခတ်ခြင်းကို အထူးတလည် အရေးထားတယ်မော့လား။ ဇရှိတဲ့သူက သူ့ဟာနဲ့သူ ဖန်တီးချင်လာရော။ ဂီတာဆိုလည်း သီချင်းဆိုလို့ရတဲ့ အဆင့်မှာတင် ရပ်ရပ်သွားလို့မရဘူး။ ဖန်တီးနိုင်တဲ့ အဆင့်ထိရောက်အောင် မြေတောင်မြောက်ပေးကြစေခြင်တယ်။ စီးပွားရေးလေးလည်း လုပ်ရင်းနဲ့ပေါ့။ ဆောင်းဦးလှိုင်တစ်ခါပြောခဲ့ဖူးသလိုပါဘဲ ။ “ကျွန်တော် အကောင်းစားသီချင်းတွေ ရေးနိုင်ပါတယ်။ ကောင်းရင်တော့ များများမထွက်နိုင်ဘူး။ အဲလိုလုပ်ရင် ထမင်းငတ်မယ် ... တစ်ပုဒ်ရေးလို့များ ကောင်းကောင်းကန်းကန်းရရင် ကျွန်တော် အကောင်းဆုံးသီချင်းတွေဘဲ ဖန်တီးဖို့ကြိုးစားမှာပါ”တဲ့။ သူပြောတာလည်း ဟုတ်ပါတယ်။ အဲဒီအချိန်ကစပြီး သူရေးတဲ့ သီချင်းတွေ တစ်ပုဒ်နဲ့ တစ်ပုဒ် ဆင်တယ်ကွာဆိုပြီးတော့ ဘယ်တော့မှ ကျွန်တော်မဝေဖန်တော့ပါဘူး။နောက်တစ်ခုက ပြန်ဆိုတေး။ သူတို့နိုင်ငံတွေမှာ ပြန်ဆိုတေး မဆိုဘူးလား .... ဆိုတာပေါ့။ သိပ်ဆိုတာပေါ့။ ဒါပေမဲ့ သူတို့ပြန်ဆိုတဲ့ အခါဆိုရင် မူရင်းအဆိုတော်နဲ့ မနိမ့်ကျတဲ့ အပြင်ကို တစ်ချို့ဆို သာအောင် ဆိုနိုင်တာကို တွေ့ရပါတယ်။ အရသာအသစ်တစ်မျိုးကိုလည်း အမြဲပေးတယ်။ ဥပမာ ... Unchained Melody တို့ Without you တို့ you raised me up တို့ ..... Withou you သီချင်းကို နောက်ဆုံးဆိုထားတာ Kelly Clarkson ထင်တယ်။ အရမ်းကို ကောင်းပါတယ်။ မြန်မာမှာလည်း အဲလိုဖြစ်စေချင်တာ။ Someday Someway ပေါ့ဗျာ။

Click here to Read More..

Idiot Themes Of The Winter!

ကောင်းကင်မှာအရောင်ရှိသလို ညမှာလည်း အရောင်ရှိတယ်ဆိုတာ ကျွန်တော် လွန်ခဲ့တဲ့ တစ်ပါတ်လောက်က စပြီး သတိထားမိလိုက်ပါတယ်၊ တိတိကျကျပြောရရင် အဖြူရောင်ညတွေပါ။ နှင်းတွေ တစ်ဖွားဖွား အဆုတ်လိုက် အဆုတ်လိုက် ကျဆင်းလာပြီး မြေပြင်တစ်ခုလုံး ဖွေးဖွေးလှုပ်သွားလေရဲ့။ တစ်ကယ်တော့ အဖြူရောင်မကပါဘူး၊ ငွေရောင်သန်းနေပါသေးတယ်၊ အဖြူရောင်ငွေနှင်းတွေပါ။ တိုက်တွေပေါ်က အခန်းမီး ကွက်ကြားကွက်ကြားကနေ ဆလိုက်ထိုးထားသလို မြင်နေရတယ်။ သြော် .... သူတို့တွေ လာကြပြန်ပြီပေါ့။ အေးစက်စက်လေတွေ၊ အေးစက်စက်အငွေ့အသက်တွေကို သယ်ဆောင်လာတဲ့ ဒီနှစ်ဆောင်းရာသီကို ဟိုအယင်တုန်းကလိုဘဲ ရင်ထဲမှာ နွေးနွေးလေးခံစားလိုက်ရပါတယ်။ မြေပြင်ပေါ်က နှင်းတွေ အရောင်ပြန်ပြီးတော့ ညဟာ အဖြူရောင်တောက်တောက်လေး ဖြစ်နေပါတယ်၊ ကြည့်စမ်း ... ငါဟိုအယင်နှစ်တွေက ဘာလို့သတိမထားမိတာပါလိမ့်၊ ဒီလောက်လှပတဲ့ မြင်ကွင်းကို ငါလွတ်သွားခဲ့ရတာ သိပ်နာတာဘဲ။ အပြာရောင်ညကို အချစ်ညလို့ တင်စားလို့ရှိရင် အဖြူရောင်ညကိုရော ဘယ်လိုခေါ်ကြရင် ကောင်းမလဲ ...ကောင်းကင်မှာ ကြယ်တစ်ပွင့်မှ မရှိဘဲ လှနေတဲ့ညဆိုတာ ဒီလိုညမျိုးပါဘဲထင်ပါရဲ့။ တိုက်တွေရဲ့ ခေါင်မိုးပေါ်မှာ ကားတွေပေါ်မှာ လမ်းမတွေပေါ်မှာ အဖြူရောင်အလွှာ ဖုံးအုပ်ထားတယ်၊ ပြီးတော့ အရိုးပြိုင်းပြိုင်း သစ်ပင်တွေ .... ဆန့်ကျင်ဘက် နမိတ်ပုံတွေကို စုပြုံခံစားလို့ရနေပါတယ်။ သေချာတာကတော့ ဒီလိုညမျိုးကို နှစ်သက်တဲ့သူဟာ စိတ်ကူးယဉ်ဆန်မဲ့သူတော့ မဟုတ်ပါဘူး၊ တစ်စုံတစ်ခုကို နက်နက်ရှိုင်းရှိုင်း စူးစိုက်ခံစားတတ်မဲ့သူမျိုးဖြစ်မယ်ထင်ပါတယ်။ ဒါဆို ကျွန်တော်ကရော .... တွေးမိတဲ့ အချိန်မှာ ယောင်ပြီး လက်က တံခါးကိုဆွဲဖွင့်မိလိုက်တယ်... အားပါး .... အေးလိုက်တာဆောင်းရယ် ... လေတစ်ချက်ဝှေ့ခနဲ သုတ်သွားလိုက်တာ ... အသည်းခိုက်တယ်ဆိုတာ ဒါမျိုးဘဲ၊ ကျွန်တော် ဒီလေတွေကိုတော့ မုန်းတယ်။ ဟုတ်တယ်လေ ... ကျွန်တော်သဘောကျတဲ့ အဖြူရောင်ညမှာ ဒီလေ မပါဘူး။ ပြီးတော့ ... ဒီလေတွေကြောင့်ဘဲ ညဟာ ခြောက်ကပ်သွားခဲ့ရတာ။ ဒါတင်မကသေးဘူး ... ဒီလေတွေက အိပ်လို့ကောင်းတဲ့အချိန်တွေမှာဆို ပိုလို့တောင် တိုက်ပြသေးတာ။ ကျွန်တော် လေကို မုန်းတီးခဲ့တာ ခုမှမဟုတ်ပါဘူးလေ။ လွန်ခဲ့တဲ့ နှစ်၂၀က စခဲ့တာပါ ။ကျွန်တော် ၇နှစ်ဘဲရှိသေးတာပေါ့။ မြန်မာပြည်မှာ အဲဒီအချိန်တုံးက ဆောင်းဆိုတာ သရုပ်သကန် ပီပြင်ပါသေးတယ်။ အေးလည်းအေးတယ်၊ မြူလည်းဆိုင်းတယ်၊ လေအေးကလည်း သိပ်ကို သရမ်းတာ။ နေတဲ့အိမ်က ထရံကာ သက်ကယ်မိုး၊ ခနော်နီခနော်နဲ့ အိမ်၊ နှစ်ယောက်ပေါင်း စောင်တစ်ထည်နဲ့ ကွေးနေရတဲ့ ကာလပေါ့။ ညဆို အပေါက်ရှာပြီးဝင်လာတတ်တဲ့ လေအေးအေးတွေကို ကျွန်တော် သိပ်ပြီးမုန်းတယ်။ ကြမ်းကြားကနေလည်း တိုးဝင်လာတတ်သေးတာ။ အမေက ကျွန်တော့်ကို တင်းတင်းဖတ်ပြီး အိပ်တယ်။ မနက်ဆိုလည်း အဲလိုဘဲ။ ဒီတိုင်းနေလို့ကိုမရတာ၊ အဘွားက ခြံထဲက သစ်ရွက်ခြောက်တွေကို တံမြက်စည်းနဲ့လှဲပြီးတော့ မီးပုံလုပ်တယ်။ ကျွန်တော်တို့ မောင်နှမတွေ စုပြီး မီးကင်ကြတာပေါ့။ အဲအချိန်မှာ အမေက လက်လုပ်မီးဖိုလေးနဲ့ ရေနွေးတည်တယ်။ လက်လုပ်မီးဖိုဆိုတာ မြေကြီးကို အိုးဖင်ရဲ့ အနေအထားလောက် ကျင်းတူး၊ ပြီးတော့ ထင်းထည့်လို့အောင် ကျင်းထဲကို မြောင်းလေးဖော်ထားတာပါ။ ပြီးတော့ အမေ့အစ်ကို ရောက်လာတာနဲ့ ရေနွေးသောက်ရင်း ၀ါးထရံယက်ကြတော့တာပါဘဲ။ ကျွန်တော်ကတော့ ဒီနေ့ဘာကစားနည်း ကစားရင်ကောင်းမလဲဆိုတာ စဉ်းစားနေတာပေါ့။ ဒါပေမဲ့ ကျွန်တော် သိပ်ကြိုက်တဲ့ ကစားနည်းတွေ ဖြစ်တဲ့ ညဘက် ထုပ်ဆီးတိုးတာ၊ ဒီထိုးတာတွေကို မဆော့ရမှာတော့ သေချာတယ်။ အဲဒီလေတွေကြောင့်ပေါ့။ မကစားနိုင်ဘူး အေးလို့။ သိတဲ့အတိုင်းဘဲ ... ဒီကစားနည်းတွေက ကွင်းပြင်မှာ ကစားရတာမော့လား။ဘာဘဲဖြစ်ဖြစ်ပါလေ။ ကျွန်တော် အဖြူရောင်ညတွေကိုတော့ လွမ်းမိနေမှာပါ။

Click here to Read More..

Saturday, November 17, 2007

Testing ZawGyi Font!

ဇော်ဂျီဖွန့်စမ်းသပ်ခြင်းဖြစ်ပါသည်။ ကျွန်တော့်ရဲ့ ကျေးတောသားပုံပြင်လေးတွေကို အစပျိုးဖို့အတွက် မြန်မာဘာသာ ကျွမ်းကျင်ရန်အလို့ငှာ မြေစမ်းခရမ်းပျိုးပါ၏။ ဖတ်ရူ့မိသူ အပေါင်းအား အမှားပါရှိပါက အားမနာစတမ်း ဝေဖန်ပေးသွားပါရန် တောင်းဆိုပါသည်။ ယုတ်စွအဆုံး မြန်မာစာလုံးပေါင်းသတ်ပုံ၊ ပုဒ်တားပုံမှအစ ၀င်ရောက်အော်ဟစ်ဆူပူပေးသွားကြပါ။ ကံကောင်းပါစေ။

Click here to Read More..

Begins Of My Fairy Tales!

I wanted to talk about my fairy tales since long long time. Now is the chance to write down what's in my heart. Everybody needs the exit from damn things which mess up with our daily activites, our aims, our career. How you feel everyday alone is nothing different from others. They are all sucks. So I wanna blow up my tune in here. LEAVE BRITNEY ALONE.

Click here to Read More..