What Am I To Christmas!
ခရစ်စမတ်နေ့သို့ ရောက်ရှိခဲ့ပြန်ပါပြီ။ မကြာခင် နှစ်သစ်ကူးတော့မယ်။ သက်တမ်းကြာမြင့်စွာ အကျွမ်းတ၀င် ဖြစ်ခဲ့သော ရက်စွဲများကြောင့် ရင်ထဲမှာ တစ်မျိုးလေးတော့ ခံစားနေရတယ်။ နှစ်ဟောင်းကြွေ ... နှစ်သစ်ပြောင်းဖို့ ခရစ်စမတ်သီချင်းလေးတွေနဲ့ ပေါင်းကူးပေးတော့မယ်။ မြန်မာပြည်မှ သကြန်သီချင်းများကဲ့သို့ပင် အချိန်တန်တော့လည်း သီချင်းဟောင်းများကသာ အကောင်းဆုံးဖြစ်နေတတ်သကဲ့သို့ ဒီမှာလည်း ထုံးစံအတိုင်း ခရစ်စမတ်သီချင်း အဟောင်းများကိုသာ နားဝင်သည်။ မျက်စိနှစ်လုံးပွင်တော့ အတွေးတွေ .... အတွေးတွေ ... ဒီချိန်ဆို ....
ဟီလာရီ နဲ့ အိုဗားမားတို့ ဘာတွေများ လုပ်နေကြလဲ ... ဘာတွေများ ဆုတောင်းနေကြမလဲ ..
မြန်မာပြည်ကြီးတိုးတက်ဖို့ ဆိုပြီး တိုက်ပွဲဝင်နေကြတဲ့ နှစ်ဖက်သော အဖွဲ့အစည်းများ ဘယ်လို အားအင်သစ်တွေ မွေးကြပါမှာတဲ့လဲ ...
အီရတ်မှာရော ဘယ်သူတွေ သေရအုံးမလဲ ...
ကရင်နယ်စပ်မှာ မြန်မာနိုင်ငံသားတွေ ဘယ်လောက် အသက်ဆုံးရူံးကြအုံးမှာလဲ ...
အလ္လာအရှင်ကဘဲ ကယ်တင်မှာလား ....
ယေရူ့ကဘဲ ကယ်တင်မှာလား ..
ဘုရားသခင်တွေ ဘာလုပ်နေကြပါလိမ့် ...
ရွက်လဲကြွေ၊ နှင်းလဲဝေတဲ့ မော်စကိုဆောင်းမှာ ပူတင်နှင့်အပေါင်းအပါများကတော့ သဘာဝဓါတ်ငွေ့ ကို ဈေးတင်ဖို့ ကြံစည်နေကြမယ်ထင်တယ် ..
အင်း .. ကျွန်တော့ ဦးနှောက်တွေလည်း အဘိုးကြီးတစ်ယောက်ရဲ့ သွားလောက်တောင် မခိုင်မာနိုင်တော့ဘူး။ တန်းဖြုတ်ထားတာ ကြာတော့ သံချေးတွေလည်း တက်နေပြီ။ မှတ်ဥာဏ်ထဲကနေ မရမက ဆွဲထုပ်ထားရတဲ့ အတိတ်မှတ်တမ်းများကို ဆောင်းတွင်းနောက်ခံနဲ့ ပုံဖော်ကြည့်မိတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ငါဘာတွေလုပ်ခဲ့ပါလိမ့် ... ဟင့်အင်း .. ဘာမှကို မယ်မယ်ရရ မရှိဘူး .. ဒါဆိုဒီနှစ်ရော .. ဒီနှစ်လည်း ထုံးစံအတိုင်းဘဲ ထင်ပါတယ်။ ခုချိန်ထိ လူပိုတစ်ယောက်လို အသက်ရှင်နေတယ်။ ပိုတယ်ဆိုတော့ မလိုလို့လား .. ငါ့ကို လိုတာ ဘယ်သူတွေ ရှိမလဲ .. ခရစ်စမတ်လက်ဆောင်ဝယ်ဖို့ ပိုက်ဆံရှာနေတဲ့ ကြေးစားတစ်ယောက် တစ်လေကတော့ လိုချင်လိုမှာပေါ့ .. ဒါတောင် ကျွန်တော့မှာ ပိုက်ဆံမရှိပါ။ အဲဒီတော့ ပိုနေမြဲ ကျားနေမြဲ ကသာ အကောင်းဆုံး နေနည်းဖြစ်လိမ့်မယ်။ ကဲ မောင်မင်းရေ .. ထုံးစံအတိုင်း စစ်ပြန်ကြီးတစ်ယောက်လို .. ပင်စင်စားကြီးတစ်ယောက်လို .. စားပွဲမှာထိုင် ... အင်တာနက်ကော်ဖီနဲ့ နက်စ်ကော်ဖီကို တစ်ကျိုက်စီသောက်ရင်း စပ်မိစပ်ရာတွေကို ဘာညာကွိကလုပ်ဖို့ အတင်းတွေ အဖျင်းတွေ စုတာဘဲ ကောင်းပါတယ်လေ။ ဒီနေ့ သတင်း စကြေငြာတဲ့သူ ငါဖြစ်ရမယ်ကွ .... မှန်းစမ်း .. ဂျာမနီများ အမေရိကန်ကို ၀င်တိုက်နေပြီလားမသိဘူး ၊ ဒါမှမဟုတ် ဦးခင်ညွန့်ကို ရမ်ဗိုလ်များ လာကယ်နေလားမသိ ..... နောက်ကျကုန်တော့မှာဘဲ .. ကလစ် ကလစ် ကလစ် ကလစ် (ကြွက်တစ်ကောင်၏ ရင်ခုန်သံ)။