Monday, December 24, 2007

The Museums Of My Dreams!

မော်စကိုမှာ ပြတိုက်တွေ လိုက်ကြည့်ရတာ အင်မတန် အဖိုးတန်သော ဗဟုသုတများ ရရှိပါသည်။ သမိုင်း၊ပထ၀ီ၊ သိပ္ပံ၊ ပန်းချီ၊ ပန်းပု၊ နယ်ပယ်စုံအတွက် ပြတိုက်များ စုံလင်စွာရှိသည်။ ကရော်ကမယ် ပြတိုက် တစ်ခုမှ မရှိပါ။ အားလုံးကို ခမ်ခမ်းနားနားနှင့် ထည်ထည်ဝါ၀ါ ပြုလုပ်ထားသည်။ ၃နာရီမျှ လိုက်လံကြည့်ရူ့လိုက်လျှင်ကို ပြတိုက်မှ ပေးလိုသော အချက်အလက်အားလုံးကို တော်တော်များများ ရရှိပါသည်။ ရှင်းပြမည့်သူရှိပါက ပိုပြီး သဘောပေါက် နားလည်သည်။ ပြတိုက်အားလုံးထဲမှာ ကျွန်တော် အနှစ်သက်ခဲ့ဆုံးပြတိုက်မှာ “သရီကျီကော့ဖ်စကားယား” ဟု အမည်တွင်သော ပန်းချီပြတိုက်ဖြစ်သည်။ နောက်ပြတိုက်တစ်ခုလည်း အလွန်သာဘောကျပါသည်။ ဒုတိယကမ္ဘာစစ်တွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို တင်ဆက်ထားသည့် စစ်သမိုင်းပြတိုက်ဖြစ်သည်။ ပြတိုက်တွေ လိုက်ကြည့်ရင်းမှ ရရှိလာသော အတွေးတစ်ခုကတော့ ထုံးစံအတိုင်း အမိမြန်မာနိုင်ငံတော်ကြီးအကြောင်းပင်ဖြစ်လေသည်။ မြန်မာနိုင်ငံတွင် ထိုသို့သော ပြတိုက်များ အများကြီးရှိစေချင်သည်။ ကလေးများကို ငယ်စဉ်ဘ၀ထဲက ထိုပြတိုက်များသို့ ရောက်အောင် ပို့ပေးသင့်သည်။
ပြတိုက်တစ်ခုမှပေးသော အတွေး၊ အသိညာဏ်၊ ဗဟုသုတတို့မှာ အလွန်များပြားပါသည်။ ထိုကလေး၏အတွေးထဲသို့ လောကအကြောင်းကို စောစီးစွာ ပို့ပေးသည်။ သင်ခန်းစာများ ရရှိစေသည်။ နိုင်ငံတိုင်းတွင် ကြီးကျယ်သော သမိုင်းကိုယ်စီရှိခဲ့သည်။ ခံစားခဲ့ရသော နာကျည်းမူတွေ ရှိသည်။ ကျွန်တော်တို့ ဘိုးဘေးဘီဘင်တွေ စွန့်လွှတ်သွားခဲ့ပေးသော အသက်ပေါင်းမြောက်မြားစွာကို အမှတ်ရစေဖို့ သရုပ်သကန်ပီပြင်သော ပြတိုက်ကြီးများ လိုချင်မိပါသည်။ သမိုင်းကို ကောက်ချက်ချသူမပါဘဲ ကိုယ့်ဖာသာကိုယ် မြင်နိုင်ဖို့ စွမ်းနိုင်လောက်သည်အထိ ဘက်မလိုက်သော အဖြစ်အပျက် အစစ်အမှန်များကို ထည့်သွင်းပြီး တည်ထောင်စေချင်မိသည်။ ပြတိုက်ထဲရောက်လျှင်ကို ကြက်သီးမွေးညင်းထနေရမည်။ အံမခမ်းသော အဆင်အပြင်၊ လှပသော အခမ်းအနား အားလုံးကို မြင်သာထင်သာနေရမည်။ လာရောက်လည်ပတ်သူသည် သက်သက်သာသာနှင့်ကို ပြတိုက်မှပေးသော အသိအဥာဏ်ကို အမြန်ဆုံးရရှိသွား ရမည်။ လူငယ်ပြုစုပျိုးထောင်ရေးမှာ ပြတိုက်တို့၏အခန်းကဏ္ဏကို ဦးစားပေးသင့်ပါသည်။ ကျွန်တော်ငယ်စဉ်က နှလုံးသားပြတိုက်လောက ဆောက်ဖို့ကိုသာ စိတ်ဝင်စားနေခဲ့သည်။ ကိုယ့်နှလုံးသားထဲတင် တစ်နေ့တစ်ခြား ပြည့်ပြည့်လာသော ခံစာချက်များကို အလှအပများ ဆင်မြန်းလျှက် ခဏခဏ ထုပ်ကြည့်နေမိသည်။ ကိုယ့်သမိုင်းကိုယ်သာ ပြန်ပြီးလေ့လာနေမိသည်။ တစ်ကယ်တော့ လူပီသဖို့ ကြည့်ရူ့သင့်သော ပြတိုက်များအကြောင်းကို မေ့ထားနေမိသည်။ ဂျူးရေးသည့် ဂန္ဒမာ ပြတိုက်ကြီးကို ရောက်ဖူးချင်သည်။ ပြင်သစ်က Louvre ပြတိုက်ကြီးကို သွားချင်သည်။ ကျွန်တော်ကြီးလာလျှင် မြန်မာပြည်အတွက် ပြတိုက်ကောင်းကောင်းတစ်ခုနှင့် စာကြည့်တိုက်ကောင်းကောင်းကြီးတစ်ခုလောက် ကမကထပြုပြီး တည်ဆောင်ချင်မိသည်။ ဆရာ ပါရဂူ တည်ဆောက်နေသော စာကြည့်တိုက်ကြီးကဲ့သို့ ..