I Think So!
ပန်းကန် သို့မဟုတ် ဖန်ခွက် ကျကွဲသောအသံသည် မည့်သည့်အခါမျှ မင်္ဂလာရှိမည်မဟုတ်သကဲ့သို့ ကျွန်တော့ အသည်းနှလုံး ခဏလွတ်ကျသွားသော အခိုက်အတန့်သည် ဒဏ်ရာနှင့် မကင်းခဲ့ပါချေ။ ရာသီခွင်တစ်ခုလုံး စပျစ်သီးခြောက်ကဲ့သို့ အရောင်အဆင်း ကင်းမဲ့လျှက်ရှိကာ နံဘေးမှ စကားသံများသည် ကျီးကန်းနှင့် ငှက်ဆိုး ရောပြီး အော်နေသကဲ့သို့ ကျွန်တော့နားကို ၀ီရ ရသပေးလျှက်ရှိနေလေသည်။ ဖောက်ပြန်နေသော ကောင်းကင်သည် နေမင်းသမီး၏ မာယာကြောင့် ပြန်လည်ပြီး ကြည်လင်လာသော်ငြား တိတ်တိတ်ပုန်း မိုးကလည်း ရွာချင်သေးသည်။ အထားအသိုမတတ်သော နှလုံးသားနှင့် မိန်းမတစ်ယောက်ကို မိုင်ပေါင်းများစွာမှ ချစ်ရသည့် အလုပ်မှာ လူ့ပြည်နှင့် ငရဲပြည်နယ်စပ်တွင် ကုန်ကူးနေရသည့်အလား ခံစားရလေသည်။ ဘယ်အချိန်ချိန်ကြည့်ကြည့် အရောင်မပြောင်းတတ်သော နှလုံးသားကို ကျွန်တော်ပိုင်ဆိုင်ထားသည်ဟု ရဲရဲကြီးမအော်ရဲပေမဲ့ အရောင်စပ်ခြင်းကိုတော့ ရှောင်ကြဉ်ထားကြောင်း ကောင်မလေးကို သိစေချင်ပါသည်။
ထို့အတူ ကျွန်တော်ကလည်း သူမကို ထိုကဲ့သို့ လိုချင်ပါသည်။ သို့သော် စိမ်းဖန့်ဖန့်အလင်းတန်းများကဲ့သို့ သူမအရောင်ထွက်ခဲ့ပါသည်။ မြစိမ်းရောင် မင်းသမီးမဟုတ်ပါ။ ဓါးသွား တစ်လက်ကဲ့သို့ စူးရှထက်မြက်ပြီး စိမ်းကားသောအရိပ်အယောင်များကို ခြုံလွှာဝတ်ထားခြင်းဖြစ်လေသည်။ နှစ်ကိုယ့်တစ်စိတ်ဟု ကျွန်တော်တို့ အမြဲပြောနေခဲ့ကြပေမဲ့ တစ်ကယ့်တစ်ကယ်တမ်း ကျတော့ သူ့ရင်ကို ကျွန်တော်မမြင်သလို ကျွန်တော့်ရင်ကိုလည်း သူမက မမြင်ခဲ့ပါ။ မည်ကဲ့သို့သော အမှောင်အမိုက်များက ဖုံးလွှမ်းထားခဲ့ပါသနည်း။ မသိ။ လုံးဝကျွန်တော်မသိဟု ၀န်ခံပါသည်။ လူတစ်ယောက်နှင့်တစ်ယောက် ချစ်တတ်ပုံခြင်းကွာခြားရာမှ ချစ်သူရွေးချယ်တတ်လာသည်ကိုတော့ ကျွန်တော် ရိပ်မိ၏။ မိမိသဘောကျသော ပုံမျိုးနင့် ကိုယ့်ကိုချစ်လျှင် ကိုယ်က သူ့ကို နှစ်နှစ်ကာကာ မချစ်သောငြား ဘ၀အတွက် ရွေးချယ်ရန် အမှတ်ပေးမိမည်မှာ သေချာပါ၏။ အဆိုပါအရာကို နားလည်ခြင်းဟု ခေါ်မည်လား။ အတော်ပြောရခက်ပါသည်။ လူတစ်ယောက်ကို နားလည်ပေးရသည့်အလုပ်မှာ အင်မတန် ခက်ခဲသည်ဆိုခြင်းကို အသက်ကြီးမှ သိရသည့်အတွက် မိမိ၏ မပြည့်ဝမူကို နောင်တရမိသည်။
ကိုယ့်လမ်းကိုယ်လျှောက်၍မှ မရတာ။ အဖော်လိုသည်လေ။ ထို့အတွက် နှစ်ယောက်သဘောကျသည့် လမ်းကို လျှောက်ရတော့မည်ဆိုသောအခါ နားလည်ပေးချင်တိုင်းလည်း သူ့စိတ်တိုင်းကျလမ်းကို ရွေးခိုင်းသင့်ပါလား။ နှစ်ယောက်လုံးပျက်စီးမည်သိရက်နှင့် နားလည်ပေးခြင်းကား အသုံးမကျချင်းဖြစ်လိမ့်မည်။ ထို့အတွက် ဖြစ်ပေါ်လာသော အကျိုးဆက်များကို ဆက်ခံရန် ၀န်မလေးသင့်ဟု ကျွန်တော် ယူဆပါသည်။ ထို့အတွက် ကျွန်တော်လုပ်ခဲ့သည်။ မခံရဘူးလား။ ခံရပါသည်။ လှိမ့်နေအောင် ခံရပါသည်။ ထို့အတွက် ကျွန်တော် လောကကြီးကို စိတ်မနာပါ။ ဖြစ်သင့်ဖြစ်ထိုက်တာတစ်ခုကို လုပ်ပေးရန် ကျွန်တော့ကို ကံကြမ္မာက အကြောင်းဖန်ပေးလိုက်သည်ဟု ယုံကြည်ပါသည်။
အတ္တနှင့်ချစ်တာမကြိုက်ဟုဆိုလျှင် ကျွန်တော့အတ္တကို ဖယ်ခွာလိုက်ပါမည်။
မာနနှင့်ချစ်တာကို မကြိုက်ဟုဆိုလျှင်ကျွန်တော့မာနကို ချလိုက်ပါမည်။
လောဘနှင့်ချစ်တာကို မကြိုက်ဟုဆိုလျှင်ကျွန်တော့ လောဘကို ရုတ်သိမ်းလိုက်ပါမည်။
အရာအားလုံးအတွက် ကျွန်တော်ပြန်လိုချင်မိတာ သူမှဆီက နားလည်မူတစ်ခုသာဖြစ်သည်။ ဖြစ်ချိန်တန်လာသောအခါ နွားကျောင်းသားပင် ဘုရင်ထဖြစ်ချင်ဖြစ်ပါလိမ့်မည်။ ကျွန်တော်ထိုသို့ရင်မှာပိုက်ပြီး ဘ၀ကို အေးအေးသက်သာ ရင်ဆိုင်နိုင်ရန် ကြိုးစားဆဲဖြစ်သည်။ တစ်နေ့တော့ အောင်မြင်လာပါလိမ့်မည်။