Someone Makes Me Feel Like That!
အဖြူရောင်မာယာနှင့်ကျွန်မ၏အခန်းငယ်
မောင့်နှလုံးသားရဲ့ဇာတာကို ကြိုသိနေခဲ့လို့
နောင်တတွေကို ပိုင်ဆိုင်သင့်တယ်တဲ့လား .....
မပြောပါနဲ့တော့လား ကံကြမ္မာရယ်
ထုဆစ်လို့မရတဲ့အနာဂါတ်ကို ငေးကြည့်ရင်း
ကျွန်မအတွေးတွေ ရပ်တန့်ခဲ့ရတာ များပါပြီ။
ဒီတစ်ကြိမ်တော့ ကျွန်မကို
ခေါင်းမာခွင့်ပေးပါ .. မောင်
မာယာဆိုတဲ့ ခေါင်းစဉ်အောက်မှာ
နံမည်ပျက်ပေါက်ရင်ပေါက်ပါစေတော့
နှလုံးသားက ဘယ်သူ့ကို ကိုးကွယ်တယ်ဆိုတာ
ဟောဒီ မျက်ရည်တွေ သိပါတယ်။
ကျွန်မကတော့
မောင်ရှိတဲ့အရပ်ကနေ
အံတစ်ချက်ကြိတ်ရင်း ပြန်ခဲ့ပါပြီ။
ကျွန်မရဲ့မျှော်လင့်ချက်တွေနဲ့
မောင့်ရဲ့အိမ်မက်တွေကို ၀န်မလေးစေချင်ဘူး ...
ကျွန်မအပေါ်တိုင်တည်ထားတဲ့သစ္စာတွေအတွက်
မောင့်ရဲ့အနာဂါတ်ကို မရူးနှမ်းစေချင်ဘူး ....
ကျွန်မကိုသယ်ဆောင်ချင်တဲ့မောင့်ရည်မှန်းချက်မှာ
အားကောင်းမောင်းသန်အချစ်တွေမြင်ပေမဲ့
ဆူးတစ်ချက်မ၀င်စေ့ချင်ဘူး
ကျွန်မနှလုံးသား ဖောက်ပြန်ခြင်းကင်းတယ်ဆိုတာတော့
ဘုရားသခင်တိုင်းက ခေါင်းညိမ့်မှာပါ .. မောင်။
မောင်မရှိတော့ပေမဲ့
မောင်ရှိခဲ့ဖူးတဲ့ရင်ခွင်ကို
နွေးနွေးလေးထားပါ့မယ်
မောင်ရှိတဲ့အတိတ်ကို
မျက်စိလေးမှိတ်ပြီးလာခဲ့မယ်
မောင်နေတဲ့ရင်ခွင်ခန်းကို
ဘယ်တော့မှ မနွမ်းအောင်
အသက်နဲ့ကျမ်းကျိန်ပြီး လွမ်းပါ့မယ်။
သမုဒ္ဒရာ အနား ဘယ်လိုပဲသတ်သတ်
ကျွန်မနဲ့မောင်ရဲ့ အဆုံးသတ်ကိုတော့
လွမ်းမျက်ရည်တွေနဲ့ ဘောင်ခတ်ပါရစေ
ဘယ်တော့မှ ဖောက်မထွက်ဘူး ... မောင်
ကျွန်မရဲ့ နှလုံးသွေးတွေ
အဲဒီ စာမျက်နှာမှာ အမြဲလည်ပတ်ပါ့မယ်
မောင်တစ်ယောက် ကျေနပ်ပါစေ။