မသေချာမရေရာမူများထဲမှ ကိုယ့်ကိုယ်ကို ဆွဲထုပ်ဖို့ ကြိုးစားနေတာ ကြာပါပြီ။ ဒါပေမဲ့ အောင်မြင်မူရာခိုင်နှုန်းက ထုံးစံအတိုင်း ၀ိုးတ၀ါးဂဏန်းများလောက်သာ ... ဤအရာကို နွံနစ်ခြင်းဟုခေါ်နိုင်မည်လားမသိ။ ကံတရားကပေးလာသော ဘ၀ကို ဖြောင့်ဖြောင့်မတ်မတ် ရှေ့သို့ သွားနိုင်အောင် ခွန်အားစိုက်ထုပ်ရခြင်းသည် တစ်ကယ်တော့ အတော်လေးခက်ခဲပါသည်။ ကိုယ်တိုင်ဖန်တီးသောဘ၀လည်း မဟုတ် .. လုပ်ချင်စိတ်လည်း တစ်စက်လေးမှမရှိသော လမ်းကို လျှောက်ရသည့် လူငယ်တစ်ယောက်အတွက် ဆင်းရဲဒုက္ခမှာ ပြောပလောက်အောင်ကို ကြီးကျယ်ပါသည်။ လူတိုင်းနောင်တကို မလိုချင်ပါ။ နောင်တသည် ခါးသီးပါသည်။ နာကျင်ရပါသည်။ အတိတ်ကို ပြန်မတွေးချင်လောက်အောင် မေ့ထားချင်အောင် စွမ်းဆောင်သည်။ ထို့အတွက် နောင်တဆိုသော အရာကို ရှောင်ကြဉ်နိုင်အောင် ဘောင်အတွင်းမှာ နေထိုင်ဖို့ ကြိုးစားဖြစ်ကြသည်။ ကိုယ့်ကိုယ်ကို လိပ်ပြာလုံအောင် အဆိုးထဲလဲမပါ အကောင်းထဲလဲမရောက် အစွန်းနှစ်ဖက်ကြားတွင် ပြေးလွှားရင်း ဘ၀ကို ပေါ့ပါးအောင်လုပ်မိသည်။ ရလာဒ်ကတော့ သာမာန်လူတစ်ယောက်အနေနှင့် ဘ၀ကို ကျော်ဖြတ်ရဖို့ ၁၀၀ ရာခိုင်နှုန်းသေချာနေလေသည်။ ကျွန်တော်တို့ နွံနစ်သောအခါ ဘယ်လိုများ ရုန်းထွက်ကြမှာလဲ။
နွံနစ်သည့်ပုံစံသည် လူတစ်ယောက်နှင့်တစ်ယောက် တူနိုင်မည်မဟုတ်ပါ။
တစ်ချို့က ညမှောင်မှောင်မှာ အလင်းပေးစရာ တစ်ခုမှ မယူဆောင်ခဲ့ဘဲ တည့်တည့်ကြီး ၀င်တိုးမိသောသူမျိုး။ မျက်ကန်းလမ်းလျှောက် ဆိုပါစို့။
တစ်ချို့က သတိပေးလိုက်သူရှိသဖြင့် အလင်းပေးသောအရာတော့ ပါပါသည်။ သို့သော် နွံဆိုသည့်အရာကိုသူ ခွဲခြား၍မသိ။ အသိပညာနည်းလွန်း၍ သတိနှင့်ထိန်းသောငြား နွံကိုမရှောင်နိုင်သောသူ။
တစ်ချို့က အလင်းရောင်တွင် လမ်းလျှောက်ပေမဲ့ နွံကိုမမြင်။ ပေါ့တီးပေါ့ဆ ကြီးပြင်းသောသူ။
တစ်ချို့က အလင်းရောင်တွင် လမ်းပြနှင့် လျှောက်ပင်လျှောက်သော်ငြား နစ်လိုက်သေးသည်။ အသိခေါက်ခက် အ၀င်နက်ခြင်း။
တစ်ချို့က ဘာမှန်းမသိဘဲ နွံထဲကို တွန်းချခံလိုက်ရသည့်သူမျိုး။
တစ်ချို့က နွံမှန်းသိပေမဲ့ တွန်းချခံလိုက်ရသဖြင့် နစ်သွားသည့်သူမျိုး။
တစ်ချို့က နွံမှန်းလည်းသိသည်၊ အတွန်းချခံလိုက်ရသည်။
အောင်ဆုံးသုံးမျိုးကတော့ ဘယ်လိုလူမျိုးတွေနှင့် ပိုပြီးဆင်တူသည် ဆိုခြင်းကိုတော့ ကျွန်တော် မပြောလိုတော့ပါ။ မိတ်ဆွေရော အဘယ်သို့သော နွံနစ်ခြင်းမျိုး ကြုံတွေ့နေရပါသလဲ။ အကျိုးကိုလို၍ ညောင်ရေလောင်း၍ပင် မရေသောအခါများ တွေ့ရဖန်များလာသောအခါ လွတ်မြောက်ဖို့ ရုန်းကန်ရခြင်းကိုပင် သံသယများ ၀င်လာမိသည်။ လမ်းစကိုဘယ်လိုရှာဖွေရပါမလဲ။ ရုန်းကန်ဖို့ အားအင်များကို ဘယ်လိုမွေးမြူရမှာပါလဲ။ ဘယ်သူ့ဆီက တောင်းခံရနိုင်မည်လဲ။ အမှီရှိမှ တိုးတက်နိုင်မည်ဟု လူတိုင်းပြောလေ့ရှိကြသည်။ အကယ်၍ မိမိအမှီက တစ်ချိန်ကျကိုယ့်ကို ပြန်ပြီးသတ်မည့်သူမျိုးဖြစ်မည်ဆိုလျှင် ဘယ်သို့ဆုံးဖြတ်ရပါ့။
လေးလံလာသောခြေလှမ်းများသည် လဲမကျဖို့ အနိုင်နိုင် ထိန်းထားနေရသည်။ သွေးကြောထဲတွင် ပေးဆပ်ရင်ကျန်သေးသော ရာဇ၀င်သွေးများရှိသေးသည်။ လဲကျ၍မဖြစ်။ ဆက်လျှောက်ဖို့ တစ်ခုထဲသော တွန်းအားသည် ဤအကြွေးလေးတစ်ခုကြောင့်သာ ဖြစ်လိမ့်မည်။ ကံတရားက နွံထဲသွားခိုင်းသဖြင့် ပြန်လည်ရုန်းထွက်ဖို့ ကြိုးစားချင်သောငြား ထိုသို့သော အခြေအနေမျိုးကလည်း ရှိသေးသည်မဟုတ်ပါလား။ အဲဒီတော့လည်း ... If you are going through the hell, Keep going!
Click here to Read More..